ရင်ခုန်စရာကောင်းခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်များ
မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတော့ မန်ယူအသင်းက အနိုင်သုံးမှတ်ကို ရရှိခဲ့ပြီး စတုတ်စီးတီးအသင်းကို သရေကျခဲ့တဲ့ အာဆင်နယ်အသင်းကတော့ အမှတ်ဖြတ်ပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်မယ့် အခွင့်အရေးတွေ လက်လွတ်ခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း ပရီးမီးယားလိဂ်ဟာ ဦးဆောင်သူဘယ်သူဖြစ်နိုင်မယ်ဆိုတာကို အခုချိန်ထိ ပြောဖို့ စောလွန်းနေသေးပါတယ်။
လီဗာပူးလ် ၀-၁ မန်ယူ
မန်ယူအသင်းဟာ အင်္ဂလန်ဒါဘီပြိုင်ဘက်လို့ တင်စားရတဲ့ လီဗာပူးလ်အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ အန်ဖီးလ်ကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲမှာတော့ မန်ယူတိုက်စစ်မှူး Rooney က သူရဲကောင်းဖြစ်ခဲ့ပြီး ဂိုးသွင်းစံချိန်တစ်ခုကိုလည်း ရရှိခဲ့ပါတယ်။ လီဗာပူးလ်အသင်းက ပထမပိုင်းမှာ ဖိအားပေးကစားနိုင်ခဲ့ပေမယ့်လည်း Firmino , Emre Can နဲ့ Lucas တို့က ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့လို့သာ မန်ယူအသင်း သက်သာရာရခဲ့တာပါ။
ပွဲချိန် ၄၂ မိနစ်မှာတော့ မန်ယူတောင်ပံကစားသမား Ashley Young ဒဏ်ရာရသွားခဲ့တာကြောင့် လူငယ်ကစားသမားဖြစ်တဲ့ Borthwick Jackson ဝင်ရောက်ကစားခဲ့ရပါတယ်။ ဒီလိုနဲ့ ဒုတိယပိုင်းအရောက်မှာတော့ မန်ယူတိုက်စစ်မှူး Martial နဲ့ Rooney တို့ တိုက်စစ်က အတွဲမိခဲ့ပြီး လီဗာပူးလ်ဘက်ကို ပိုဖိအားပေးကစားနိုင်ခဲ့ပါတယ်။
မန်ယူအတွက် အဖိုးတန်အနိုင်ဂိုးကိုတော့ မန်ယူတိုက်စစ်မှူး Rooney က သွင်းယူပေးခဲ့တာပါ။ ထောင့်ကန်ဘောတင်ပေးတာကို ခေါင်းတိုက်ကောင်းတဲ့ Fellaini က အသုံးချခဲ့ပေမယ့် ဂိုးတိုင်ထိထွက်လာပါတယ်။ ပြန်ထွက်လာတဲ့ ဘောလုံးကိုတော့ Rooney က အပိုင်ကန်ခွင့်ရခဲ့လို့သာ အခုလို အဖိုးတန်သုံးမှတ်ကို ရရှိနိုင်လိုက်တာဖြစ်ပါတယ်။
Rooney ဟာ ဒီပွဲသွင်းဂိုးကြောင့် ၂၀၁၂ နောက်ပိုင်း လေးပွဲဆက်ဂိုးသွင်းနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်သွင်းဂိုး ၁၇၆ ဂိုးအထိရှိလာခဲ့တာကြောင့် အာဆင်နယ်တိုက်စစ်မှူး Henry တင်ရှိထားခဲ့တဲ့ ပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံး စံချိန်ကိုလည်း ရရှိခဲ့ပါတယ်။
စတုတ်စီးတီး ၀-၀ အာဆင်နယ်
အာဆင်နယ်အသင်းကတော့ အိမ်ကွင်းမာတဲ့ စတုတ်စီးတီးအသင်းကို ဘရစ်တန်နီးယားကွင်းမှာ သွားကစားခဲ့ရပြီး နှစ်ဖက်ဂိုးသမားတွေ အပြိုင်လက်စွမ်းပြနိုင်ခဲ့တာကြောင့် သရေရလဒ်နဲ့ပဲကျေနပ်ခဲ့ရပါတယ်။ အမှတ်ပေးဇယားကိုလည်း လွတ်လွတ်လပ်လပ် ဦးဆောင်နိုင်မယ့်အခွင့်အရေးကိုလည်း ဂန်းနားတို့ လက်လွတ်ခဲ့ရပါတယ်။
အာဆင်နယ်မှာ ကွင်းလယ်လူ Ozil မပါဝင်နိုင်ခဲ့တာက အသင်းရဲ့ တိုက်စစ်လမ်းကြောင်း ဖွင့်ပေးနိုင်မယ့်သူ မရှိသလိုဖြစ်ခဲ့ပြီး အခွင့်အရေးတွေ အများကြီးလည်း မဖန်တီးနိုင်ခဲ့ပါဘူး။ ရလာတဲ့ အခွင့်အရေးတွေကိုလည်း စတုတ်ဂိုးသမား Butland က လက်စွမ်းပြကာကွယ်နေခဲ့လို့လည်း အခုလို ဂိုးတွေမမြင်တွေ့ခဲ့ရတာ့ဖြစ်ပါတယ်။
( Paing A K )
#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : EPL
0 comments :
Post a Comment