Powered by Blogger.

ဘိုင်ယန်မြူးနစ်အသင်းခေါင်းဆောင် ဖိလစ်လမ်းရာသီကုန်တွင်အနားယူမည်


ဘိုင်ယန်မြူးနစ်အသင်းခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့အပြင် ၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီအသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ ဖိလစ်လမ်းကတော့ အသက် ၃၃ နှစ်သာရှိသေးပေမယ့်လည်း ဒီရာသီကုန်မှာ အနားယူသွားတော့မှာဖြစ်တယ်လို့ အတည်ပြုပြောကြားလိုက်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းက ဝုလ်ဖ်ဘတ်အသင်းကို အနိုင်ရခဲ့တဲ့ ဂျာမန်ပိုကယ်ဖလား ၁၆ သင်းအဆင့်ရှုံးထွက်ပွဲစဉ်အပြီးမှာ အခုလိုပဲ အတည်ပြုလိုက်တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းအတွက် ၅၀၁ ပွဲအထိ ကစားခဲ့တဲ့ အသင်ခေါင်းဆောင် ဖိလစ်လမ်းက အခုလိုပဲ ပြောပါတယ်။ “ကျွန်တော် အခုလို ခေါင်းဆောင်စတိုင်အပြည့်နဲ့ နေ့တိုင်းကစားနိုင်အောင် ကြိုးစားနေပါတယ်။ အချိန်တိုင်း ထရိန်နင်ဆင်းတိုင်းမှာပါပဲ။ ကျွန်တော်ထင်တာကတော့ ဒီရာသီပြီးရင် ဒီလိုထပ်ကစားနိုင်မှာမဟုတ်တော့ဘူး” လို့ ပြောခဲ့တာပါ။

အခုလိုဆိုလိုရင်းကတော့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဒီရာသီကုန်မှာ ကုန်ဆုံးမယ့် စာချုပ်သက်တမ်းကို ထပ်မတိုးတော့ဘဲ သူလည်း အနားယူတော့မှာလို့ ဆိုလိုလိုက်တာဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ်တည်းက ဘိုင်ယန်မြူးနစ်တစ်သင်းတည်းအတွက်သာ ကစားပေးခဲ့တဲ့ ဖိလစ်လမ်းကတော့ တောင်ပံ နောက်ခံလူ ၊ ကွင်းလယ်အဖျက်စတဲ့ နေရာတွေမှာ ကစားခဲ့ပြီး အသင်းပေါ်မှာလည်း လွှမ်းမိုးမှုကြီးမားတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

ဘိုင်ယန်အသင်းအတွက် ၅၀၁ ပွဲကစားပေးခဲ့ပြီး ဂျာမနီအသင်းအတွက်လည်း ၁၁၃ ပွဲကစားပေးနိုင်ခဲ့တဲ့ ဖိလစ်လမ်းဟာ ၂၀၁၄ ကမ္ဘာ့ဖလားအပြီးမှာ လက်ရွေးစင်အသင်းကနေ အနားယူပြီဖြစ်တယ်လို့ ကြေညာထားသူတစ်ယောက်ဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါချန်ပီယံဆု ၇ ကြိမ် ၊ ဂျာမန်ပိုကယ်ဖလား ၆ ကြိမ် ၊ ချန်ပီယံလိဂ်ဖလားတစ်ကြိမ်အပြင် ကမ္ဘာ့ဖလားကိုလည်း တစ်ကြိမ်အထိ ရရှိအောင် စွမ်းစွမ်းတမံကစားနိုင်ခဲ့တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

( Mocha )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : BBC

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment