Powered by Blogger.

ဘောက်ဆင်ဒေးမှာ သမိုင်းဝင်သွားတဲ့ အမ်ခီတာရန်ရဲ့ ကင်းမြီးကောက်နောက်ပေါက်ဂိုး



မန်ယူအသင်းရဲ့ အားထားရတဲ့ ကွင်းလယ်ကစားသမား အမ်ခီတာရန်ကတော့ မနေ့ညက ကစားခဲ့တဲ့ ဆန်းဒါးလန်အသင်းနဲ့ ပွဲစဉ်မှာ တတိယမြောက်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ကင်းမြီးကောက်က အမြှီးကို ထောင်ပြီးဂိုးသွင်းသလိုပဲ အမ်ခီတာရန်ကလည်း ဆန်းဒါးလန်အသင်းဘက်ကို နောက်ဖနောင့်လေးနဲ့ ပေါက်ပြီး သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒီဂိုးမှာတော့ အမ်ခီတာရန်လူကျွံအနေအထားရှိနေပေမယ့်လည်း ကွင်းလယ်ဒိုင်ကခွင့်ပြုပေးခဲ့တာကြောင့် ဘောက်ဆင်ဒေးမှာ လှပတဲ့ဂိုးတစ်ဂိုးအဖြစ် ကျန်ရစ်ခဲ့ပြီဖြစ်ပါတယ်။

ဇလာတန်အီဘရာဟီမိုဗစ်ရဲ့ ဖြတ်တင်ပေးမှုကနေ ၈၆ မိနစ်မှာ အမ်ခီတာရန်က ဆန်းဒါးလန်နောက်ခံလူတွေကို ကျော်ဖြတ်သွင်းယူပေးခဲ့တာပါ။ သူ့အနေနဲ့ ကစားသမားသက်တမ်းတစ်လျှောက် ဒီလိုလှပတဲ့ ဂိုးမျိုးကို မသွင်းဖူးဘူးလို့ အမ်ခီက ပြောပါတယ်။


“ဒီဂိုးနဲ့ ပတ်သက်ပြီး ကျွန်တော့်ခံစားချက်က ဘယ်လိုပြောရမလဲဆိုတော့ဗျာ ခရစ်စမတ်မှာ နည်းနည်းမှော်ဆန်သွားတယ်ပေါ့။ ကျွန်တော်သွင်းခဲ့သမျှထဲမှာ အကောင်းဆုံးနဲ့ အလှဆုံးဂိုးတစ်ဂိုးလို့တောင် ပြောလို့ရတယ်။ ကျွန်တော်အရမ်းစိတ်လှုပ်ရှားနေပါတယ်။ ဂိုးသွင်းပြီးပြီးချင်း စည်းကြပ်ဒိုင်ကို လှမ်းကြည့်လိုက်တော့ လူမကျွံဘူးလေ။ အဲ့ဒါနဲ့ ကျွန်တော် အားရပါးရ ပွဲခံခဲ့ပါတယ်။”

“ဘောလုံးက ကျွန်တော့်နောက်ကို အရှိန်ပြင်းပြင်းနဲ့ရောက်လာတာပါ။ ကျွန်တော်ကန်နိုင်တာ နောက်ခြေဖနောင့်နဲ့ပဲ ရှိတော့တာ။ ဒါနဲ့ ကျွန်တော်လည်း ချိန်ဆပြီး ရှူုးလိုက်တာ ကွက်တိဖြစ်သွားတယ်” လို့ အမ်ခီတာရန်က ပြောကြားခဲ့ပါတယ်။

BBC ရဲ့ ရုပ်သံတင်ဆက်သူ အလန်ရှီးယားကတော့ ဒီလိုမျိုးဖြစ်ရပ်ဟာ ၁၉၉၅ ခုနှစ်တုန်းက အင်္ဂလန်နဲ့ ကိုလံဘီယာအသင်းတို့ရဲ့ ပွဲမှာလည်း ဖြစ်ခဲ့ဖူးတယ်လို့ ပြောပါတယ်။ ၁၉၉၅ ခုနှစ် ဝင်ဘလေကွင်းမှာ ကိုလံဘီယာဂိုးသမား ဟီဂွီတာက ဂိုးကို ကင်းမြှီးကောက်နောက်ပေါက်နဲ့ ကာကွယ်ခဲ့တာကြောင့် နာမည်ကြီးခဲ့ပါတယ်။


ယူနိုက်တက်ဟာ သုံးဂိုးပြတ်နိုင်ပွဲရခဲ့ပေမယ့်လည်း တစ်ခြားအသင်းကြီးတွေကလည်း နိုင်ပွဲကိုယ်စီရယူနိုင်ခဲ့တာကြောင့် အမှတ်ပေးဇယားမှာ အခြေအနေပြောင်းလဲခြင်းတော့မရှိခဲ့ပါဘူး။


မန်စီးတီး ၊ အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ကတော့ လိုအပ်နေတဲ့ အမှတ်ပြည့်ကို ရယူနိုင်ခဲ့ကြပါတယ်။ လောလောဆယ်မှာတော့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို နည်းပြကွန်တီရဲ့ ချယ်လ်ဆီးအသင်းက ၁၂ ပွဲဆက်အနိုင်နဲ့ အမှတ်ဖြတ်ဦးဆောင်လျက်ရှိနေပါတယ်။

( Mocha )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment