Powered by Blogger.

မာနေရဲ့ နောက်ကျအနိုင်ဂိုးနဲ့ မာဆေးဆိုက်ဒါဘီမှာ အဲဗာတန်ကိုအလှဲသိပ်ခဲ့တဲ့ လီဗာပူးလ်


ပြိုင်ဆိုင်မှု ပြင်းထန်လေ့ရှိတဲ့ မာဆေးဆိုက်ဒါဘီကတော့ ထုံးစံအတိုင်းပဲ ဘောလုံးပွဲတစ်ပွဲလုံးမှာ အကြိတ်အနယ်ရှိခဲ့ပါတယ်။ နှစ်ဖက်အသင်းသားတွေရဲ့ အင်တိုက်အားတိုက်ယှဉ်ပြိုင်မှုတွေက အင်္ဂလန်က နာမည်ကြီး ဒါဘီတစ်ခု အဖြစ် ပိုပြီးပေါ်လွင်စေခဲ့ပါတယ်။ အမှားစောင့်ကစားကြတဲ့ ပုံစံမဟုတ်ဘဲ နှစ်သင်းလုံး အပြန်အလှန်တိုက်စစ်ဖွင့်ကစားခဲ့ကြတာက အားရစရာကောင်းခဲ့တာပါ။



အနိုင်ဂိုးရှင်ကတော့ လီဗာပူးလ်အသင်းရဲ့ တောင်ပံကစားသမား မာနေပါ။ စတားရစ်ခ်ျရဲ့ ကန်ချက် တိုင်ထိထွက်လာတာကို မာနေက အဲဗာတန်တံတိုင်းတွေဖြစ်တဲ့ ဖျူးနက်စ်မော်ရီနဲ့အက်ရှ်လေဝီလီယမ်တို့ကို ကျော်ဖြတ်ပြီး သွင်းယူခဲ့တာပါ။


အဲဗာတန်ကွင်းလယ်လူ ဘာကလေရဲ့ ဟန်ဒါဆန်ကို ခြေစုံပစ်ဝင် ဖျက်ထုတ်မှုကြောင့် နှစ်ဘက်အသင်းသားတွေ ခဏတာ အချင်းများခဲ့ကြပါသေးတယ်။ ဘာကလေရဲ့ ဖျက်ထုတ်မှုဟာ အနီကတ်ဖြစ်သင့်ပေမယ့်လည်း ကွင်းလယ်ဒိုင် မိုက်ဒင်းကတော့ အဝါကတ်ပြသပြီး ပွဲကိုထိန်းထားခဲ့တာကို တွေ့ရပါတယ်။ ဟန်ဒါဆန်ကတော့ ဆက်ကစားနိုင်ခဲ့တာကိုတွေ့ရပါတယ်။



ကွင်းတွင်းက ကစားသမားတွေပြိုင်ဆိုင်မှုတွေတင်မကပဲ နှစ်သင်းပရိသတ်တွေရဲ့ ပြိုင်ဆိုင်မှုကလည်း ပြင်းထန်ခဲ့ပါတယ်။ အဲဗာတန်အသင်းရဲ့ ၂၁ နှစ်ကြာ ဖလားမရရှိမှုကို လီဗာပူးလ်အသင်းပရိသတ်တွေက ခနဲ့ခဲ့ကြပြီး Happy 21st ဆိုတဲ့ စာတန်းနဲ့ မွေးနေ့လိုမျိုးလုပ်ပေးခဲ့ကြတာကိုတွေ့ရပါတယ်။



ပွဲချိန်အတော်များများကိုတော့ လီဗာပူးလ်အသင်းက ဖိအားပေးကစားနိုင်ခဲ့ပြီး ဂိုးရနိုင်တဲ့အခွင့်အရေးတွေလည်း များခဲ့ပါတယ်။ အဲဗာတန်ကတော့ ဘာကလေနဲ့ တိုက်စစ်မှူး လူကာကူ ၊ အန်နာဗလင်စီယာတို့ရဲ့ တိုးအားတွေနဲ့ ပြန်လည်တိုက်စစ်ဆင်ခဲ့ပေမယ့် လီဗာပူးလ်နောက်တန်းတွေဖြစ်တဲ့ ကလာဗန်နဲ့ လိုဗရန်တို့ကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။






ဖာမီနို ၊ စတားရစ်ခ်ျ ၊ အော်ရီဂီိစတဲ့ ကြိုးကြာနီတိုက်စစ်ကတော့ အဲဗာတန်အတွက် ကြောက်စရာကောင်းခဲ့ပြီး အတော်လေးကို အားကောင်းခဲ့တာကို တွေ့ရပါတယ်။ နောက်ဆုံးအချိန်ပိုအရောက်မှာတော့ လီဗာပူးလ်အသင်း အဖွင့်ဂိုးစရခဲ့ပြီး ခက်ခက်ခဲခဲတိုက်စစ်ဆင်ရာကနေ ရရှိခဲ့တာပါ။ နောက်ဆုံးမိနစ်မှာတော့ ဖာမီနို အဲဗာတန်ဂိုးသမား ပေါင်ကြားထဲကနေ ကန်သွင်းခဲ့ပေမယ့်လည်း ဂိုးစည်းပေါ်မှာတင် ဖျူးနက်စ်မော်ရီက ရှင်းထုတ်သွားခဲ့တာကြောင့် နောက်ထပ်ဂိုးမရရှိတော့တာဖြစ်ပါတယ်။




( Mocha )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : DailyMail


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment