Powered by Blogger.

Late Late Show နဲ့ ဖျော်ဖြေသွားပြန်တဲ့ ယူရိုအိမ်ရှင် ပြင်သစ်အသင်း


မနေ့ညက ကစားခဲ့တဲ့ ယူရို ၂၀၁၆ ပြိုင်ပွဲ အုပ်စု A ရဲ့ ဒုတိယနေ့ ပွဲစဉ်အဖြစ် အိမ်ရှင် ပြင်သစ်အသင်းက အယ်လ်ဘေးနီးယားအသင်းကို နောက်ဆုံးမိနစ် ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ပရိသတ်တွေကို Late Late Show ပြုလုပ်ပြီး ဖျော်ဖြေသွားခဲ့ပါတယ်။အဖွင့်ပွဲမှာ ရိုမေးနီးယားအသင်းကို ကွင်းလယ်လူ ပါယက်ရဲ့ ၈၉ မိနစ်မှာသွင်းယူခဲ့တဲ့ ဂိုးနဲ့ အနိုင်ယူခဲ့တဲ့ ပြင်သစ်အသင်းဟာ ပွဲချိန် မိနစ် ၉၀ နဲ့ နာကျင်အချိန်ပိုတွေမှာမှ နှစ်ဂိုးဆက်တိုက်သွင်းယူပြီး ယူရိုပြိုင်ပွဲရဲ့ အုပ်စုအဆင့်ကနေ အစောဆုံး တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

မိနစ် ၉၀ မှာ ခေါင်းတိုက်သွင်းယူခဲ့တဲ့ဂိုးနဲ့ နာကျင်အချိန်ပိုမှာ သွင်းယူခဲ့တဲ့ ပါယက်ရဲ့ ဂိုးတွေကြောင့်သာ ပြင်သစ်ပရိသတ်တို့ အပြည့်ပျော်ခဲ့ရတာဖြစ်ပါတယ်။ အယ်လ်ဘေးနီးယားအသင်းကလည်း သူတို့ရဲ့ နောက်ဆုံး မျှော်လင့်ချက်အတွက် ကြိုးစားခဲ့ပြီး ပြင်သစ်အသင်းကလည်း အိမ်ကွင်းမျက်နှာမပျက်ရအောင် ခြေထုတ်ခဲ့တာကြောင့် ပွဲက တစ်ဖက်နဲ့တစ်ဖက်တိုက်စစ်ဆင်ပြီး အကြိတ်အနယ် ရှိခဲ့တာကို တွေ့ရပါတယ်။


ကျွန်တော့်အနေနဲ့တော့ ယူရိုပြိုင်ပွဲမှာ ဆက်လက်ပြီး ယှဉ်ပြိုင်ရအုံးမယ့် ပြင်သစ်အသင်းရဲ့ အခြေအနေကို သေချာသုံးသပ်ပေးသွားမှာပါ။ ဒီပွဲမှာတော့ ပြင်သစ်အသင်းနည်းပြ ဒက်စ်ချမ့်က ကစားကွက်စမ်းသုံးလာခဲ့ပြီး ပေါ့ဂ်ဘာ ၊ ဂရစ်ဇ်မန်း စတဲ့ အဓိက ကစားသမားတွေကို ချန်လှပ်ပြီး ပွဲထွက်ခဲ့ပါတယ်။ ၄-၂-၃-၁ ကစားကွက်ကို ဒက်စ်ချမ့်က အသုံးပြုခဲ့ပြီး ပေါ့ဂ်ဘာမပါဝင်ဘဲ ကွင်းလယ်ပိုင်းကို ပါယက်ရဲ့ ကစားအားနဲ့ ထိန်းထားနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီကစားကွက်ကတော့ ပြင်သစ်အသင်းနဲ့ အံမဝင်ဘူးဆိုတာ ဒီပွဲမှာတင်သိသာခဲ့တယ်။ ကံကြောင့်သာ ပြင်သစ် သုံးမှတ်ရခဲ့တယ်လို့ ဆိုရမှာပါ။

ပါယက်ကတော့ ကိုယ်ပိုင် ယုံကြည်မှုကြောင့်သာ ကစားအားက ကောင်းနေတယ်လို့ ထင်မိပြီး ပြင်သစ်အသင်းမှာ ဒီလို ကစားအားကောင်းတဲ့ ကစားသမားမျိုး ရထားတာ ကံကောင်းတယ်လို့ ထင်မိပါတယ်။

 မာတွီဒီနဲ့ ကန်တေတို့ ကွင်းလယ်အတွဲက မဆိုးပေမယ့် တောင်ပံအားသန်တဲ့ မာရှယ်လ်လိုကစားသမားမျိုးက ဒီကစားကွက်မှာ အံမဝင်ခဲ့ပါဘူး။ အမြင့်ဘောတွေနဲ့သာ အယ်လ်ဘေးနီးယားကို ထိုးဖောက်နေခဲ့ပြီး ကစားကွက်နဲ့ အချက်ကျကျ မဝင်တတ်တာက တစ်ခြား ဥရောပ အသင်းကြီးတွေနဲ့တွေ့ရင် စိုးရိမ်စရာတော့ရှိနေပါတယ်။


တိုက်စစ်က ဂျရူးက အားကိုးလို့ရနိုင်ပေမယ့်လည်း ဒီထက်တော့ တိကျဖို့ လိုနေပါသေးတယ်။ အပိုင်ခေါင်းတိုက်ဘောနှစ်လုံးလောက်ကို ဂျရူးဖြုန်းခဲ့ပြီး ဂိုးမသွင်းနိုင်လို့ စိတ်ဓာတ်ကျနေတဲ့ ပုံစံက အသင်းဖော်တွေကို အားမရဖြစ်စေပါတယ်။ မိနစ် ၈၀ ကျော်လာတဲ့ အထိ အခြေအနေမကောင်းတာကြောင့် ဂရစ်ဇ်မန်း ၊ ပေါ့ဂ်ဘာ ၊ ဂစ်နက် စတဲ့ တိုက်စစ်အားသန်ကစားသမားတွေကို ထည့်သွင်းခဲ့ပါတယ်။

ဒီကစားသမားတွေဝင်လာပြီးတဲ့နောက်ပိုင်းမှာတော့ ဒက်စ်ချမ့်က ကစားကွက်ကို ၄-၃-၃ ပုံစံပြောင်းလဲလိုက်ပြီး မာတွီဒီနဲ့ ကန်တေတို့ ကစားခွင်ပိုကျယ်လာတာကြောင့် နေရာလွတ်တွေလည်း ဖန်တီးနိုင်ခဲ့ပါတယ်။



အားပိုကောင်းလာတဲ့ တိုက်စစ်က သိသာခဲ့ပြီး တစ်ဂိုးသွင်းရုံနဲ့ ပျော်ရမှာမို့လို့ တစ်ဂိုးလောက်ရဖို့ကိုသာ အဓိကထားကစားခဲ့ပါတယ်။ မိနစ် ၉၀ အရောက်မှာတော့ နောက်ခံလူ ရာမီရဲ့ ညာခြမ်းက ဖြတ်တင်ဘောကို ပေါ့ဂ်ဘာခေါင်းမတိုက်နိုင်ခဲ့ပေမယ့် အသင့်ရှိနေတဲ့ ဂရစ်ဇ်မန်းခေါင်းတိုက်သွင်းယူပေးခဲ့တာကြောင့် အုပ်စုကနေ လွတ်မြောက်ဖို့ ပြင်သစ်တို့ သေချာသွားခဲ့ပါတယ်။ နာကျင်အချိန်ပို ၆ မိနစ်အတွင်းမှာတော့ ကွင်းလယ်လူ ပါယက်က ဂစ်နက်ရဲ့ ပေးပို့မှုကနေ နောက်ခံလူတွေကို လှည့်စားကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။


( Paing A K )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment