Powered by Blogger.

ဥရောပ ဘောလုံးရပ်ဝန်းမှ နောက်ဆုံးရအပြောင်းအရွှေ့သတင်းများ



ယူရိုပြိုင်ပွဲက ဆက်လက်ကျင်းပနေပေမယ့်လည်း အပြောင်းအရွှေ့တွေကတော့ အရှိန်ပျက်မသွားပါဘူး။ ကြေးကြီးတဲ့ အပြောင်းအရွှေ့တွေတော့ ဖြစ်မလာသေးပေမယ့်လည်း အသင်းတိုင်းရဲ့ အပြောင်းအရွှေ့ခြေလှမ်းက အစဉ်အလာမပျက် သွက်လက်လျက်ရှိနေပါတယ်။

အီတလီမြေဘက်က အပြောင်းအရွှေ့လှုပ်ရှားမှုတွေကို အရင်သွားကြည့်ပါမယ်။ ရိုးမားအသင်းကတော့ သူတို့ရဲ့ အဓိက ကွင်းလယ်ကစားသမားပီယာနစ်ကို ပြောင်းရွှေ့ကြေး ပေါင် ၂၆ သန်းနဲ့ စီးရီးအေ ချန်ပီယံ ဂျူဗင်တပ်စ်အသင်းကို ရောင်းချလိုက်ပြီဖြစ်ပါတယ်။အရင်ရာသီတုန်းက သူ့ရဲ့ ဖရီးကစ်ကန်ချက်တွေဟာ ဖရီးကစ်စတားတွေဖြစ်ကြတဲ့ ရော်နယ်ဒိုနဲ့ မက်ဆီတို့ထက် သေသပ်တိကျတယ်လို့ နာမည်ကြီးခဲ့တဲ့ ကစားသမား တစ်ယောက်ဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ် ကွင်းလယ်ကစားသမားကတော့ ဂျူဗင်တပ်စ်အသင်းကို ငါးနှစ်စာချုပ် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ်။ ဒီကစားသမားကို ဒီဈေးနဲ့ ရလိုက်တာက တူရင်သားတို့အတွက် အရမ်းတန်တယ်လို့ ပြောလို့ရပြီး ဥရောပ ထိပ်တန်းကွင်းလယ်လူ လေးယောက်ထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ပီယာနစ်ကိုတော့ စာချုပ်လျော်ကြေးသာ ပေးချေပြီး ဂျူဗင်တပ်စ်အသင်းက ခေါ်ယူသွားခဲ့တာပါ။ ကစားသမားရဲ့ ဆန္ဒရှိရင် ထွက်ခွာခွင့်ပေးရမယ်ဆိုတဲ့ စာချုပ်ပါအချက်ကြောင့် ရိုးမားအသင်းက သူ့ကို လွယ်လွယ်နဲ့ လက်လွှတ်လိုက်ရတာဖြစ်ပြီး အကောင်းဆုံး ကစားသမားတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ ရိုးမားပရိသတ်တွေကတော့ ကြေကွဲနေတယ်လို့ သိရပါတယ်။


နောက်ထပ်သတင်းတစ်ပုဒ်ကတော့ ပရီးမီးယားလိဂ်မှာ ကြောက်စရာကောင်းလာတဲ့ ဝက်စ်ဟမ်းအသင်းရဲ့ သတင်းဖြစ်ပါတယ်။ သူတို့အသင်းရဲ့ ကွင်းလယ်လူ ပါယက်ကို ရောင်းချမှာ မဟုတ်ဘူးလို့ပြောကြားထားခဲ့တဲ့ ဝက်စ်ဟမ်းဟာ သူတို့ရဲ့ ပစ်မှတ်တွေကိုတော့ လက်သွက်ခြေသွက်နဲ့ ခေါ်ယူလျက်ရှိနေပါတယ်။ ဗလင်စီယာအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီး ပရီးမီးယားလိဂ်မှာ ကစားချင်နေတဲ့ ဖီဂူလီတစ်ယောက်ကို ဝက်စ်ဟမ်းတို့ အမိဖမ်းနိုင်လိုက်တာပါ။

အသက် ၂၆ နှစ်အရွယ်ကစားသမားဟာ ဗလင်စီယာအသင်းမှာ ၂၄၃ ပွဲအထိကစားခဲ့ပြီး ၄၂ ဂိုးအထိသွင်းယူခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဝက်စ်ဟမ်းရောက်ရှိခဲ့တာဖြစ်ပြီး လစာကိုတော့ ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။


နောက်ထပ် သတင်းတစ်ပုဒ်ကတော့ ခြင်္သေ့ပြာ ချယ်လ်ဆီးအသင်းရဲ့ သတင်းပါ။ သူတို့ကတော့ ဗလင်စီယာအသင်းရဲ့ ကွင်းလယ်ကစားသမား အန်ဒရီဂိုးမက်စ်ကို ပေါင် ၃၂ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ပြီး ဗလင်စီယာအသင်းက ချက်ချင်းပယ်ချခဲ့တယ်လို့ သိရပါတယ်။ ဒီလိုပြောင်းရွှေ့ကြေးကို ပယ်ချလိုက်ရတဲ့ အကြောင်းကတော့ မန်ယူအသင်းက ဒီ ပေါ်တူဂီလက်ရွေးစင်ကို ပေါင် ၅၁ သန်းနဲ့ လိုက်နေလို့ ဖြစ်ပါတယ်။

ဒီကစားသမားကတော့ ၂၀၁၅ နွေတုန်းကမှ ဘင်ဖီကာအသင်းကနေ ဗလင်စီယာအသင်းကို ပေါင် ၁၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

( Paing A K )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : Sky Sports , Dailymail , Mirror


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment