Powered by Blogger.

ခရိုအေးရှား ၊ ဂျာမနီနဲ့ ပိုလန်တို့ အမှတ်ပြည့်ရခဲ့တဲ့ ယူရို ၂၀၁၆ အုပ်စုပွဲစဉ်များ


မနေ့ညကတော့ ယူရို ၂၀၁၆ ပြိုင်ပွဲရဲ့ အုပ်စု C နဲ့ အုပ်စု D တို့ရဲ့ အဖွင့်ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားခဲ့ကြပြီး အုပ်စု C မှာ ဂျာမနီအသင်းနဲ့ ပိုလန်အသင်းတို့က နိုင်ပွဲတွေ ရခဲ့ကြပြီး အုပ်စု D မှာတော့ ခရိုအေးရှားအသင်းက သုံးမှတ်အပြည့်ရယူနိုင်ခဲ့ပါတယ်။

ဂျာမနီ ၂-၀ ယူကရိန်း 

ဒီပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်မှုအမြင့်ဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့ ၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီအသင်းကတော့ အမှားအယွင်းမရှိခဲ့ပဲ တာထွက်လှခဲ့ပါတယ်။ အမှားအယွင်းမရှိဘူးလို့ ဆိုရပေမယ့်လည်း ပွဲတွင်းမှာတော့ ဂျာမနီအသင်းကြောင်တောင်တောင်အမှားတွေ များပြားနေခဲ့ပါတယ်။

ဂျာမနီအသင်းဟာ ဆိုရင်တော့ တိုနီခရူးစ် ၊ အိုဇေးလ် ၊ ဒရက်စ်လာ ၊ ခီဒီရာ ၊ မူလာ ၊ ခရူးစ် စတဲ့ ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပြီး ယူကရိန်းအသင်းကလည်း ယာမိုလန်ကို ၊ ပိုင်ယာတော့ဗ်စတဲ့ ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။ ဂျာမနီအသင်းကတော့ ကွင်းလယ်ပိုင်းအားသာချက်နဲ့ ယူကရိန်းအသင်းဘက်ကို တန်ပြန်တိုက်စစ်နဲ့ ထိုးဖောက်နိုင်ခဲ့ပြီး ယူကရိန်းအသင်းရဲ့ တိုက်စစ်ကစားပုံကလည်း  ဂိုးရလောက်တဲ့ အထိကို ထိရောက်ခဲ့တာကိုတွေ့ရပါတယ်။

ဂျာမနီအသင်းကတော့ အဖွင့်ဂိုးကို ပွဲအစ ၁၉ မိနစ်မှာတင်ရရှိသွားခဲ့ပြီး အိုဇေးလ်ရဲ့ ပြစ်ဒဏ်ဘော ပေးပို့မှုကနေတစ်ဆင့် မူစတာဖီ က ကျည်ဆန်ခေါင်းတိုက်ချက်နဲ့ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ မူစတာဖီကတော့ ဗလင်စီယာအသင်းရဲ့ နောက်တန်းကစားသမားတစ်ယောက်ဖြစ်ပြီး ဟမ်မဲလ်စ်ရဲ့ ကြံ့ခိုင်မှု အခြေအနေကြောင့် ဂျာမနီအသင်းအတွက်ပွဲထွက်ကစားခွင့်ရချိန်မှာပဲ အခုလိုမျိုး သူ့ရဲ့ ခြေစွမ်းကောင်းကို ပြသနိုင်ခဲ့တာပါ။


ဂိုးသမား နူအာရဲ့ အမှားအယွင်းမရှိကာကွယ်နိုင်မှုတွေကြောင့် အခုလိုမျိုး ပေးဂိုးမရှိတဲ့အနိုင်ကို ဂျာမနီတို့ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဂျာမနီအသင်းရဲ့ကွင်းလယ်မှာတော့ တိုနီခရူးစ်က အကောင်းဆုံးဖြစ်ခဲ့ပြီး ဂျာမနီအသင်းရဲ့ ကွင်းလယ်ကို အကောင်းဆုံး မောင်းတင်ကစားပေးနိုင်ခဲ့တာကိုတွေ့ရပါတယ်။ ဒရက်စ်လာကလည်း ဂျာမနီကွင်းလယ်နဲ့ အသားကျခဲ့တာကိုတွေ့ရပြီး တိုက်စစ်မှူးနေရာမှာပါဝင်ကစားခဲ့တဲ့ ဂေါ့ဇီကတော့ သိပ်ပြီး တာဝန်မကျေခဲ့ပါဘူး။

ဂျာရွန်းမ်ဘိုတန်ရဲ့ ဂိုးစည်းပေါ်က ရှင်းထုတ်မှု

ဂျာမနီအသင်းရဲ့နောက်တန်းကစားသမားတွေဖြစ်ကြတဲ့ ဟမ်မဲလ်စ်နဲ့ ရူဒီဂါတို့ရဲ့ ဒဏ်ရာအခြေအနေတွေရှိနေခဲ့တာကြောင့် ဘိုတန် ၊ ဂျိုးနပ်စ်ဟက်တာစတဲ့ နောက်တန်းကစားသမားတွေကို အစားထိုး ကစားသွားခဲ့တာဖြစ်ပါတယ်။ ယူကရိန်းအသင်းရဲ့တိုက်စစ်ကို ထိန်းချုပ်ရင်း ဂိုးစည်းပေါ်က ဘောလုံးကို ရှင်းထုတ်ခဲ့ရတဲ့အထိ ဂျာမနီအသင်း အဖိခံခဲ့ရတာပါ။ ယူကရိန်းအသင်းရရှိတဲ့ဂိုးကလည်း လူကျွံဘောဖြစ်နေတာကြောင့် ဂျာမနီတို့ ကံကောင်းနေခဲ့ပါတယ်။





နောက်ပိုင်းမှာတော့ ဂျာမနီအသင်းက ပိုဖိအားပေးကစားနိုင်ခဲ့ပြီး ယူကရိန်းဂိုးသမား ပိုင်ယာတော့ဗ်ကလည်း လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ဂျာမနီအသင်းရဲ့ သွက်လက်လွန်းတဲ့ တန်ပြန်တိုက်စစ်ကနေတစ်ဆင့် အိုဇေးလ်က ဖြတ်တင်ပေးပို့ခဲ့ပြီး လူစားဝင်ကစားသမား ရှဝိန်းစတိုင်ဂါက ငါးနှစ်အတွင်း သူ့ရဲ့ ပထမဆုံးနိုင်ငံတကာသွင်းဂိုးအဖြစ် လှလှပပပြောင်းလဲနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ဂျာမနီအသင်းကတော့ ယူကရိန်းအသင်းကို နှစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး မြောက်အိုင်ယာလန်ကို တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပိုလန်အသင်းရဲ့ အထက် အုပ်စု ပထမနေရာမှာ ရပ်တည်လျက်ရှိပါတယ်။




ခရိုအေးရှား ၁-၀ တူရကီ 

အုပ်စု D ရဲ့ ပွဲဦးထွက်မှာတော့ ခရိုအေးရှားအသင်းက ခြေသိပ်မကွာတဲ့ တူရကီအသင်းကို မိုဒရစ်ရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ခရိုအေးရှားအသင်းဟာ ဥရောပအခြေစိုက်ကစားသမားတွေဖြစ်ကြတဲ့ မိုဒရစ် ၊ မန်ဇူကစ် ၊ ရာကီတစ် ၊ ပါရီဆစ်စတဲ့ နာမည်ကျော်ကစားသမားတွေနဲ့ ပွဲထွက်ခဲ့ပေမယ့်လည်း ရှေ့တန်းနဲ့ အလယ်တန်း အချိတ်အဆက်မမိတာကြောင့် ထင်သလောက် ဖြစ်မလာသေးတာကိုတွေ့ရပါတယ်။

တူရကီအသင်းကတော့ ခပ်မာမာကစားပုံနဲ့ ခရိုအေးရှားကို တုံ့ပြန်ခဲ့ပေမယ့်လည်း ကွင်းလယ်မှာပဲ ဘောလုံးအပျက်များလွန်းနေတာကြောင့် ပွဲက သေသလိုဖြစ်နေပြီး ကြည့်နေတဲ့ ပရိသတ်တွေတောင် ငြိမ်နေပါတယ်။ တူရကီအသင်းရဲ့ ခေါင်းတိုက်ချက် ဂိုးသမားဆီတည့်တည့်တိုးသွားတာလေးပဲ ရင်ခုန်စရာရှိခဲ့ပြီး ခရိုအေးရှားနောက်ခံလူ ကော်လူကာ ခေါင်းကွဲသွားတဲ့ သွေးသံရဲရဲမြင်ကွင်းကိုလည်း မြင်တွေ့ခဲ့ရပါတယ်။


ပထမပိုင်းပြီးခါနီးမှာတော့ တူရကီနောက်တန်းရဲ့ ဖျက်ထုတ်လိုက်မှုကနေ မြှောက်တက်လာတဲ့ ဘောလုံးကို မိုဒရစ် မြေမကျအပြင်းကန်ခဲ့တာကြောင့် ခရိုအေးရှားတို့အဖွင့်ဂိုးရခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ တူရကီအသင်း နည်းဗျူဟာ အပြောင်းအလဲတွေပြုလုပ်ပြီး ခရိုအေးရှားကို ရင်ဆိုင်ခဲ့ပေမယ့် ခရိုအေးရှားကပဲ ဆက်ဖိထားနိုင်ခဲ့ပါတယ်။


ခရိုအေးရှားအသင်းခေါင်းဆောင် ဆာနာရဲ့ ပြစ်ဒဏ်ဘောကန်ချက် ဘားတန်းမှန်ခဲ့တာနဲ့ အနီးကပ်ကန်ချက် ဘေးချော်ခဲ့တာတွေကြောင့် ခရိုအေးရှား ဂိုးမပြတ်ခဲ့ပါဘူး။ ဘယ်တောင်ပံက ပါရီဆစ်ရဲ့ ဖြတ်တင်ဘောတွေကလည်း ကောင်းသင့်သလောက်ကောင်းခဲ့ပေမယ့် ပိတ်သွင်းမယ့်သူအသင့်ရှိမနေခဲ့တာကြောင့် တစ်ဂိုးတည်းနဲ့ ပွဲသိမ်းခဲ့ပါတယ်။

( Paing A K )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : DailyMail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment