Powered by Blogger.

လက်ရွေးစင်အသင်းကနေ အနားယူပြီလို့ မက်ဆီကြေညာ


အာဂျင်တီးနားအသင်းအနေနဲ့ ချီလီအသင်းကို ကိုပါအမေရိကဖလားဖိုင်နယ်ပွဲစဉ်မှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်မှာ အာဂျင်တီးနားလက်ရွေးစင်ကစားသမားဘဝကနေ အနားယူသွားပြီလို့ လီယွန်နယ်မက်ဆီက ကြေညာလိုက်ပါတယ်။

အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ မက်ဆီကတော့ အာဂျင်တီးနားအသင်းအတွက် ဗွေဆော်ဦးအဖြစ် ကန်သွင်းရတဲ့ ပင်နယ်တီကန်ချက်မှာ အံအားသင့်ဖွယ်လွဲချော်သွားခဲ့တာပါ။ နောက်ပိုင်းမှာတော့ အာဂျင်တီးနားကစားသမား ဘစ်ဂလီယာရဲ့ ကန်သွင်းမှုကို ချီလီဂိုးသမား ဘရာဗိုက ကာကွယ်သွားခဲ့ပြီး ချီလီအသင်းကတော့ ပထမဆုံးကန်သွင်းရတဲ့ ဗီဒယ်လ်ကလွဲပြီး ကျန်ကစားသမားတွေ အကုန်လုံးဝင်အောင်ကန်နိုင်ခဲ့တာကြောင့် ကိုပါအမေရိကဖလားကို နှစ်ကြိမ်ဆက်ရရှိသွားခဲ့တာဖြစ်ပါတယ်။

ဒီအရှုံးကတော့ အာဂျင်တီးနားအတွက် အဓိက ပြိုင်ပွဲကြီးတွေရဲ့ ဖိုင်နယ်အဆင့်မှာ သုံးနှစ်ဆက် ရှုံးနိမ့်မှုဖြစ်ခဲ့ပြီး ၂၀၁၄ မှာ ကမ္ဘာ့ဖလားနဲ့ မနှစ်ကလည်း ချီလီအသင်းကိုပဲ ရှုံးနိမ့်ပြီး ကိုပါအမေရိကဖလားကို လက်လွှတ်ခဲ့ရတာပါ။

မက်ဆီကတော့ “ဒီအရှုံးကတော့ ခက်ခဲနာကျင်စေပါတယ်။ ဒီအချိန်က ခွဲခြမ်းစိတ်ဖြာနေရမယ့် အချိန်မဟုတ်တော့ပါဘူး။ အဝတ်လဲခန်းထဲမှာ ကျွန်တော်တွေးမိတာကတော့ ဒါဟာ ကျွန်တော့်အတွက် နိုင်ငံလက်ရွေးစင်အသင်းနဲ့ ပြီးဆုံးခြင်းလို့ တွေးမိတာပါပဲ။ ဒါက ကျွန်တော့်အတွက်တင်မကလောက်ပါဘူး။ ကျွန်တော်အခုခံစားနေရတဲ့ ခံစားချက်ကတော့ ကျွန်တော့်ရဲ့ အရမ်အရေးကြီးတဲ့ ပင်နယ်တီလွဲချော်သွားမှုအတွက် အရမ်းကိုကြေကွဲ ဝမ်းနည်းရတာပါပဲ။ ”

“ ကျွန်တော် အာဂျင်တီးနားအသင်းနဲ့အတူ ချန်ပီယံဖြစ်လာဖို့အတွက် အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒါက ဖြစ်မလာခဲ့ပါဘူး။ ကျွန်တော်လည်း မလုပ်နိုင်ခဲ့ဘူး။ ကျွန်တော့်အတွက်ရော အားလုံးအတွက်ပါ အရေးကြီးတဲ့ ဖိုင်နယ်ပွဲစဉ်ကြီးလေးခုလောက်အထိ ကစားခဲ့ရပါတယ်။ ကံမကောင်းခဲ့ပါဘူး။ ဖလားလေးခုလုံးကို ရချင်ခဲ့တာပေါ့။ မရခဲ့ရင်တောင် ဒီဖလားလေးတစ်ခုတော့ ကျွန်တော်ရချင်ခဲ့တာပါ။ ဒါက မဖြစ်နိုင်ခဲ့ပါဘူး။ အရမ်းကို ခက်ခဲပါတယ်။ ကျွန်တော်ဆုံးဖြတ်ချက်ချထားခဲ့ပြီးပါပြီ။ ကျွန်တော် ထပ်ပြီး ကြိုးစားပေးမှာမဟုတ်တော့သလို ပြန်လည်းလာမှာမဟုတ်တော့ပါဘူး”

“ ကျွန်တော် အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျဆုံးခဲ့ပါတယ်။ ”

ဒီသတင်းကိုတော့ အာဂျင်တီးနားအသင်းရဲ့ တရားဝင်တွစ်တာစာမျက်နှာမှာ အတည်ပြုကြေညာခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် ၁၁၂ ပွဲကစားပြီး ၅၅ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။ အာဂျင်တီးနားဂန္တဝင် ဘတ်တစ်စတူတာရဲ့ ဂိုးသွင်းစံချန်ကို ပြီးခဲ့တဲ့ အပတ်က ကျော်ဖြတ်ခဲ့ပြီး အာဂျင်တီးနားအသင်းမှာ ဂိုးသွင်းအများဆုံးကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် ၂၀၀၅ ခုနှစ်တုန်းက စတင်ပွဲထွက်ကစားပေးခဲ့ပြီး အာဂျင်တီးနားအသင်းရဲ့ ဖလားလက်မဲ့ကာလ ၂၃ နှစ်မြောက်ကို ရောက်ရှိသွားတဲ့အချိန်မှာ အနားယူခဲ့တာဖြစ်ပါတယ်။ သူနောက်ဆုံးအနေနဲ့ ကစားခဲ့တဲ့ ၂၀၁၆ ကိုပါအမေရိက ပြိုင်ပွဲမှာတော့ ငါးဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး ဂိုးဖန်တီးမှုတွေလည်း ပြုလုပ်ပေးနိုင်ပြီး အကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

Credit to - Football Guru MM
နောက်ဆုံးရအားကစားသတင်းများကို ဖတ်ရှုလိုလျှင် Football Guru လို့ Facebook မှာ ရှာပြီး နောက်ဆုံးရ ဘောလုံးသတင်းများကို ဖတ်ရှုနိုင်ပါတယ်။


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment