Powered by Blogger.

လီဗာပူးလ်အသင်းနောက်ခံလူ “စကာတယ်လ်” ဖီနာဘာချီအသင်းသို့ပြောင်းရွှေ့ရန်သေချာ


လီဗာပူးလ်အသင်းရဲ့ နောက်တန်းအမာခံ ကစားသမား Skrtel (မာတင်စကာတယ်လ်) ဟာဆိုရင်တော့ တူရကီကလပ် ဖီနာဘာချီအသင်းကို လာမယ့်ရာသီမှာ ပြောင်းရွှေ့ကစားတော့မှာဖြစ်တယ်လို့ သိရပါတယ်။ ပြောင်းရွှေ့ကြေး ပေါင် ၅.၅ သန်းနဲ့ နှစ်သင်းကြားသဘောတူညီမှုရရှိခဲ့တာဖြစ်ပြီး အသက် ၃၁ နှစ်အရွယ်ကစားသမားကလည်း ပုံမှန်ပွဲထွက်ခွင့်မသေချာတဲ့ လီဗာပူးလ်အသင်းကနေ ထွက်ခွာဖို့ရွေးချယ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ဖီနာဘာချီအသင်းကတော့ ဆလိုဗက်ကီးယားနောက်ခံလူ စကာတယ်လ်နဲ့ အပြောင်းအရွှေ့အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆွေးနွေးမှုတွေ ပြုလုပ်ထားခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ လီဗာပူးလ်အသင်းကို ၂၀၀၈ ခုနှစ်တုန်းက ဇင်းနစ်အသင်းကနေ ရောက်ရှိခဲ့ပြီး အင်္ဂလန်မြေမှာရှစ်နှစ်ကျော်ကြာကစားခဲ့တဲ့ စကာတယ်လ်ဟာ အသက်အရွယ်ကြောင့် နည်းပြယာဂန်ကလော့ပ်ရဲ့ ဦးစားပေးစာရင်းမှာ ပါဝင်မလာတော့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းကတော့ ရှော်ကေးနောက်ခံလူ မာတစ်ပ်ကို ခေါ်ယူလိုက်နိုင်မှုနဲ့ ကာလရှည် ပွဲပယ်ခံရမယ့် ပြစ်ဒဏ်ကနေ လွတ်မြောက်လာတဲ့ နောက်ခံလူ ဆာခိုတို့ကြောင့် နောက်တန်းအင်အားတောင့်တင်းသွားခဲ့တာဖြစ်ပြီး စကာတယ်လ်ရဲ့ ပွဲထွက်ကစားခွင့်ကို အာမခံ မပေးနိုင်တော့တာဖြစ်ပါတယ်။

အရင်ရာသီက လီဗာပူးလ်အသင်းအတွက် လေးပွဲသာ ပွဲထွက်ကစားခွင့်ရခဲ့တဲ့ စကာတယ်လ်ကိုတော့ တူရကီကလပ် ဖီနာဘာချီနဲ့ ဂျာမန်ကလပ် ဝုလ်ဖ်ဘတ်အသင်းတို့က အပြိုင်ကမ်းလှမ်းခဲ့ကြတာဖြစ်ပြီး တရုတ်စူပါလိဂ်ရဲ့ ကမ်းလှမ်းမှုတွေကို လက်ခံရရှိခဲ့တယ်လို့ သူ့ရဲ့ အေးဂျင့်ဖြစ်သူက ဆိုပါတယ်။ စကာတယ်လ်ကို ခေါ်ယူဖို့အတွက် အရင်နှစ် နွေရာသီတုန်းကလည်း ဖီနာဘာချီက ကမ်းလှမ်းခဲ့ပြီး နှစ်သင်းကြားကောင်းမွန်တဲ့ ဆက်ဆံရေးကိုလည်း တည်ဆောက်ထားနိုင်တယ်လို့ သိရပါတယ်။

လီဗာပူးလ်အသင်းကတော့ ကွင်းလယ်ကစားသမား မာကိုဗစ်ကိုလည်း ဖီနာဘာချီအသင်းကို အငှားချခဲ့ဖူးပါတယ်။ ယူရို ၂၀၁၆ ပြိုင်ပွဲအပြီးမှာတော့ စကာတယ်လ်ရဲ့အပြောင်းအရွှေ့ကို အဆုံးသတ်သွားဖွယ်ရှိနေပြီး လီဗာပူးလ်အသင်းအတွက် ပွဲ ၃၂၀ ကျော်ကစားခဲ့တဲ့ ဝါရင့်နောက်ခံလူတစ်ယောက်ကို ဖီနာဘာချီအသင်းခေါ်ယူလိုက်နိုင်တာကတော့ အဖိုးတန်တဲ့ ခေါ်ယူမှုလို့ ဆိုရမှာဖြစ်ပါတယ်။

( Paing A K )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment