Powered by Blogger.

EPLမှာတစ်ရာသီတွင်း အပိုဆုကြေး ပေါင်သန်း ၁၀၀ ကျော်ရ ပထမဆုံးအသင်းဖြစ်လာတဲ့အာဆင်နယ်


ပြီးဆုံးခဲ့ပြီဖြစ်တဲ့ ၂၀၁၅-၂၀၁၆ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာတော့ လက်စတာအသင်းက ချန်ပီယံဖြစ်ခဲ့ပြီး ဘောလုံးရပ်ဝန်းတစ်ခုလုံးကို တုန်လှုပ်စေခဲ့ပြီးဖြစ်ပါတယ်။ အခုလို ပရီးမီးယားလိဂ် ဘောလုံးရာသီပြီးဆုံးခဲ့ချိန်မှာတော့ အသင်းလိုက်ရရှိခဲ့တဲ့ ဆုကြေးငွေတွေကိုလည်း ထုတ်ပြန်ပေးခဲ့ပြီဖြစ်ပါတယ်။ ဆုကြေးဆိုပေမယ့်လည်း ဒီစာရင်းမှာတော့ ရုပ်သံထုတ်လွှင့်ခတွေပါ ပါဝင်ပေါင်းထည့်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ ပရိသတ်သန်းပေါင်းများစွာရှိတဲ့ ပရီးမီးယားလိဂ်ဟာ ရုပ်သံထုတ်လွှင့်ခတွေလည်း အမြောက်အမြားရရှိနေပြီး အပိုဆုကြေးတွေကတော့ ကြောက်စရာကောင်းလောက်အောင် မြင့်မားနေပါတယ်။ ဒီရာသီမှာတော့ အဆင့်နှစ် နေရာမှာ ရပ်တည်ခဲ့တဲ့ အာဆင်နယ်အသင်းက တဆုကြေးငွေရရှိမှုအမြင့်မားဆုံးအသင်းဖြစ်ခဲ့ပြီး ပေါင်သန်း ၁၀၀ ကျော်ရရှိခဲ့တာဖြစ်ပါတယ်။

အတိအကျပြောရမယ်ဆိုရင်တော့ ၁၀၀,၉၅၂,၂၅၇ ပေါင် ရရှိခဲ့တာဖြစ်ပါတယ်။ ဒီလိုရရှိခဲ့တာကတော့ ပရီးမီးယားလိဂ်သမိုင်းမှာ ပထမဆုံးဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒုတိယနေရာမှာတော့ မန်စီးတီးအသင်းက ရပ်တည်နေပြီး ၉၆,၉၇၁,၆၀၃ ပေါင် အထိ ဆုကြေးရရှိခဲ့တာပါ။ မန်ယူအသင်းကတော့ ဆုကြေးငွေ ၉၆.၅ သန်းနဲ့ တတိယနေရာမှာ ရပ်တည်နေပြီး စပါးအသင်းက ပေါင် ၉၅.၂ သန်းနဲ့ စတုတ္ထ ၊ ချန်ပီယံလက်စတာအသင်းကတော့ ၉၅.၂ သန်းနဲ့ပဲ ပဉ္စမရရှိခဲ့တာဖြစ်ပါတယ်။ ဇယားအောက်ဆုံးကနေ တန်းဆင်းသွားခဲ့တဲ့ အက်စတွန်ဗီလာအသင်းကတောင် ပေါင် ၆၆.၆ သန်းအထိရရှိသွားတယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းကတော့ တစ်ရာသီအတွင်းမှာ အပိုဆုကြေးနဲ့ ရုပ်သံဝင်ငွေ ပေါင်သန်း ၁၀၀ ကျော် ပြုလုပ်နိုင်ခဲ့တဲ့ ပထမဆုံးအသင်းဖြစ်ခဲ့ပြီး ကြီးမားတဲ့ ရုပ်သံဝင်ငွေ ၊ ဆုကြေးငွေ ၊ အကျိုးခံစားခွင့်ဝင်ငွေနဲ့ တိုက်ရိုက်ထုတ်လွှင့် ပြသနိုင်မှုတွေနဲ့ နိုင်ငံခြား စီးပွားရေးဝင်ငွေတွေကနေ အခုလို ရရှိခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကတော့ ဘယ်အဆင့်မှာရပ်တည်နေတဲ့ အသင်းဖြစ်စေ ဝင်ရောက်ယှဉ်ပြိုင်ကြေးအဖြစ် ဆုကြေး ပေါင် ၁.၂ သန်းကို ချီးမြှင့်တာပါ။ ပရီးမီးယားလိဂ်ကိုတော့ အဓိကအနေနဲ့ Sky Sports နဲ့ BT Sports တို့က တိုက်ရိုက်ထုတ်လွှင့်ပြသတာဖြစ်ပြီး အာဆင်နယ်အသင်းကတော့ တိုက်ရိုက်ထုတ်လွှင့်ခံရမှုအကြိမ်ပေါင်း ၂၇ ကြိမ်အထိ ပြီးခဲ့တဲ့ရာသီမှာ ရရှိခဲ့ပါတယ်။

ပရီးမီးယားလိဂ်ဟာ တိုက်ရိုက်ရုပ်သံထုတ်လွှင့်မှုအတွက် ပေါင် သုံးဘီလျံ တန်ကြေးရှိတဲ့စာချုပ်ကို Sky Sports နဲ့ BT Sports တို့နဲ့ ၂၀၁၃ ခုနှစ်က ချုပ်ဆိုခဲ့ပြီး အခု ၂၀၁၆ မှာ စာချုပ်သက်တမ်းကုန်ဆုံးသွားမှာပါ။

 ဒါ့အပြင် ကမ္ဘာအနှံ့က ရုပ်သံကုမ္ပဏီတွေကလည်း စုစုပေါင်း ပေါင် ၂.၂၃ ဘီလျံတန်ကြေးရှိတဲ့ ရုပ်သံထုတ်လွှင့်မှုကို ဝယ်ယူခဲ့ကြတာကြောင့် ပရီးမီးယားလိဂ်ရဲ့ ရုပ်သံဝင်ငွေက အဆမတန်တိုးပွားလာခဲ့တာဖြစ်ပါတယ်။ Sky Sports နဲ့ BT Sports တို့ဟာ ပြည်တွင်းရုပ်သံကုမ္ပဏီတွေဖြစ်ပြီး ဒါ့ကြောင့် EPL ရဲ့ ပြည်တွင်းရုပ်သံထုတ်လွှင့်ခဟာ ပေါင် သုံးဘီလျံကို ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ လာမယ့် သုံးနှစ်အတွင်းမှာတော့ ပြည်တွင်းရုပ်သံထုတ်လွှင့်ခကို ပေါင် ငါးဘီလျံအထိ ရောက်ရှိလာဖို့ ပရီးမီးယားလိဂ်က မျှော်မှန်းလျက်ရှိပါတယ်။

ဒီရာသီမှာတော့ ပရီးမီးယားလိဂ်အသင်းတိုင်းဟာ ရုပ်သံဝင်ငွေ ပေါင် ၅၅ သန်းစီ ရရှိခဲ့ကြတာဖြစ်ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ထိပ်ဆုံးဝင်ငွေရရှိခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ အောက်ဆုံးက အက်စတွန်ဗီလာအသင်းတို့ရဲ့ ဝင်ငွေဟာ ၁ : ၁.၅ သာရှိခဲ့တာကြောင့် ဥရောပလိဂ်ပြိုင်ပွဲတွေထဲမှာ ထိပ်ဆုံးနဲ့ အောက်ဆုံးကွာဟာချက် အကျဉ်းမြောင်းဆုံးလိဂ်အဖြစ် ပရီးမီးယားလိဂ်က မှတ်တမ်းဝင်ခဲ့တယ်လို့လည်း သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : DailyMail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment