Powered by Blogger.

မန်စီးတီးနဲ့ အာဆင်နယ်သရေကျပြီး ၊ လီဗာပူးလ်အသင်း နိုင်ပွဲပြန်တွေ့






မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ ပရိသတ်စိတ်ဝင်စားမှု အမြင့်ဆုံး ဖြစ်ခဲ့တဲ့ မန်စီးတီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ တစ်ဖက်ကို နှစ်ဂိုးစီသရေကျခဲ့ပြီး စပါးအသင်းကတော့ ဆောက်သမ်တန်အသင်းကို အိမ်ကွင်းမှာ နှစ်ဂိုးတစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ နှစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေခဲ့တဲ့ လီဗာပူးလ်အသင်းကတော့ အိမ်ကွင်းမှာ ဝက်ဒ်ဖို့ဒ်အသင်းကို နှစ်ဂိုးပြတ်နဲ့ သက်တောင့်သက်သာအနိုင်ရခဲ့ပါတယ်။

ဂီရော့ဒ်ရဲ့ ခေါင်းတိုက်ချေပဂိုး


မန်စီးတီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ပွဲစဉ်မှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အကောင်းဆုံးအားပြိုင်မှုတွေကို တွေ့ခဲ့ရပြီး မန်စီးတီးအသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို မန်ယူက လိုက်လံခြိမ်းခြောက်နေခဲ့တာကြောင့် မန်စီးတီးအသင်းကလည်း အိမ်ကွင်းမှာ အကောင်းဆုံး အားထုတ်ကစားခဲ့ပါတယ်။ အာဆင်နယ်အသင်းကလည်း တတိယနေရာ  တည်မြဲရေးအတွက် မန်စီးတီးအသင်းကို အကောင်းဆုံး တုံ့ပြန်ကစားခဲ့တာကို တွေ့ရပါတယ်။



ပွဲအစ ရှစ်မိနစ်မှာတင်ပဲ မန်စီးတီးအသင်းတိုက်စစ်မှူး အဂွဲရိုးက ဂိုးဧရိယာထိပ်ကနေ အဖွင့်ဂိုးကို လှလှပပ ကန်သွင်းယူခဲ့ပါတယ်။ အာဆင်နယ်အသင်းအတွက် ချေပဂိုးကိုတော့ အာဆင်နယ်အသင်းအတွက် ဂိုးပေါက်ပျောက်တာကြာမြင့်လှပြီဖြစ်တဲ့ တိုက်စစ်မှူး ဂီရော့ဒ်က ပွဲချိန် ၁၀ မိနစ်မှာ ထောင့်ကန်ဘောကနေ တစ်ဆင့် ခေါင်းတိုက်သွင်းယူခဲ့တာပါ။

ချေပဂိုးသွင်းယူအပြီး အောင်ပွဲခံနေတဲ့ ဂီရော့ဒ်




ဒူးဒဏ်ရာ ရသွားတဲ့ ဝဲလ်ဘတ်


၂၅ မိနစ်မှာတော့ အာဆင်နယ်တိုက်စစ်မှူးဝဲလ်ဘတ် ဒဏ်ရာရသွားခဲ့တာကြောင့် ဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့ ကွင်းလယ်လူ ဝီလ်ရှီးယားဝင်ရောက်ကစားခဲ့ပြီး ပထမပိုင်းမှာတော့ ကွင်းလယ်ပိုင်းမှာ အကောင်းဆုံး ကစားနိုင်ခဲ့တာကို တွေ့ရပါတယ်။ မန်စီးတီးတိုက်စစ်မှူး အဂွဲရိုးကတော့ အာဆင်နယ်အသင်းရဲ့ ခံစစ်ကြောင်းကို အကောင်းဆုံးထိုးဖောက်နိုင်ခဲ့ပြီး ဖာနန်ဒင်ဟို ၊ ဒီဘရိုင်းတို့ရဲ့ တိုးအားတွေကလည်း အကောင်းဆုံး ဖိအားပေးနိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းကလည်း ဦးဆောင်ဂိုးတွေပေးရပြီး နောက်ကနေ ချေပဂိုးလိုက်သွင်းခဲ့ရတာပါ။ အာဆင်နယ်အသင်းရဲ့ အဆုံးသတ်ပိုင်းကောင်းမွန်ခဲ့လို့သာ အခုလို သရေရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းအတွက် ဒုတိယဦးဆောင်ဂိုးကိုတော့ ဒီဘရိုင်းက ၅၂ မိနစ်မှာ အပြင်းကန်သွင်းယူခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်းအတွက် ဒုတိယချေပဂိုးကိုတော့ ဆန်းချက်ဇ်က ၆၈ မိနစ်မှာ သွင်းယူခဲ့တာပါ။


ဆန်းချက်ဇ်ရဲ့ ဒုတိယဂိုး


မန်စီးတီးအသင်းက လက်ကျန်ပွဲချိန်တွေမှာ အကောင်းဆုံးကစားနိုင်ခဲ့ပြီး ကွင်းတစ်ခြမ်းဖိအားပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း အဂွဲရိုးနဲ့ ဘိုနီတို့ရဲ့ ကန်ချက်တွေက ဂိုးကံခေခဲ့တာကြောင့် အခုလို သရေရလဒ်ထွက်ပေါ်ခဲ့ပြီး အဆင့် ငါးနေရာက တစ်ပွဲလျော့မန်ယူအသင်းကို နှစ်မှတ်အသာနဲ့ ဦးဆောင်နေခဲ့ပါတယ်။

နောက်ထပ်ပွဲစဉ်တွေမှာတော့ ယူရိုပါလိဂ်ဝင်ခွင့်တစ်နေရာအတွက် တိုက်ပွဲဝင်နေတဲ့ ဆောက်သမ်တန်အသင်းက စပါးအသင်းကို နှစ်ဂိုးတစ်ဂိုးနဲ့အနိုင်ရခဲ့ပြီး လီဗာပူးလ်အသင်းကတော့ ဝက်ဒ်ဖို့ဒ်အသင်းကို အယ်လန်နဲ့ ဖေမီနိုတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တယ်လို့ သိရပါတယ်။



( Paing A K )

#သစ်ထူးလွင်(အားကစား)

#sports.thithtoolwin.com

Ref : Dailymail


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment