Powered by Blogger.

အဲဗာတန်အသင်းက နည်းပြမာတီနက်ဇ်ကိုထုတ်ပယ်ပြီး ရော်နယ်ကိုးမန်းကို အစားထိုးရန်စီစဉ်နေ


အဲဗာတန်အသင်းကတော့ အသင်းနဲ့ သုံးရာစီကြာလက်တွဲခဲ့တဲ့ နည်းပြ ရောဘတ်တို မာတီနက်ဇ်ကို တရားဝင်ထုတ်ပယ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ဆန်းဒါးလန်းအသင်းကို သုံးဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ အခုလို ထုတ်ပယ်လိုက်တာဖြစ်ပြီး နည်းပြနေရာအတွက် မန်စီးတီးနည်းပြနေရာကနေ ထွက်ခွာတော့မယ့် ပယ်လီဂရီနီ ၊ ဆောက်သမ်တန်နည်းပြ ရော်နယ်ကိုးမန်းတို့က ရေပန်းစားလျက်ရှိနေတယ်လို့ သိရပါတယ်။

အဲဗာတန်အသင်းဟာ အပြင်းထန်ဆုံး မာဆေးဆိုက်ပြိုင်ဘက် လီဗာပူးလ်အသင်းကို လေးဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာလည်း မန်ယူအသင်းကို နှစ်ဂိုးတစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။ ဒါ့အပြင် မာတီနက်ဇ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာလည်း လိုကိုမိုးတစ်မော်စကို တိုက်စစ်မှူး အူးမားကို ပေါင် ၁၃.၅ သန်းအထိ သုံးစွဲခေါ်ယူခဲ့ပြီး အသင်းမှာ ဒီတိုက်စစ်မှူးက အကျိုးမပြုခဲ့တာကြောင့် အသင်းဘုတ်အဖွဲ့ရဲ့ ငြိုငြင်မှုတွေကို ခံခဲ့ရတယ်လို့ သိရပါတယ်။

မာတီနက်ဇ်ဟာ အဲဗာတန်အသင်းကို ဒေးဗစ်မိုယက်စ်နေရာအစားထိုး စတင်ကိုင်တွယ်တဲ့ ရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးမယ်လို့ ကတိပေးခဲ့ပြီး ရမှတ် ၇၂ မှတ်နဲ့ အဆင့်ငါးနေရာ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အသင်းက နောက်ခံလူ ဂျွန်စတုန်းစ်ကိုလည်း အသင်းကနေ မထွက်ခွာအောင် ဆောင်ရွက်နိုင်ခဲ့ပြီး ချယ်လ်ဆီးအသင်း ကြယ်ပွင့်တိုက်စစ်မှူး လူကာကူကို ဂွတ်ဒီဆင်ပါ့ခ်ကို အရောက်ခေါ်နိုင်ခဲ့တာတွေက မာတီနက်ဇ်ရဲ့ အောင်မြင်မှုရရှိခဲ့တဲ့ လုပ်ရပ်တွေဖြစ်ပါတယ်။

ဒါပေမယ့်နောက်ပိုင်းမှာ ရလဒ်တွေ တောက်လျှောက်ကျဆင်းခဲ့ပြီး ဒီရာသီမှာ အသင်းပရိသတ်တွေက ဆန္ဒပြခဲ့ကြတဲ့အထိ ဖြစ်ခဲ့တာကြောင့် အခုလို ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။ မာတီနက်ဇ်ဟာ အဲဗာတန်အသင်းကို ၁၁၃ ပွဲကိုင်တွယ်ပေးခဲ့ပြီး ၄၃ ပွဲနိုင် ၊ ၃၄ ပွဲသရေနဲ့ ၃၆ ပွဲရှုံးရလဒ်တစ်ခုကို ရရှိခဲ့ပါတယ်။ နိုင်ဖို့ရာနှုန်းကတော့ ၃၆.၆၇ ရာနှုန်အထိရယူပေးနိုင်ခဲ့ပါတယ်။

ဆောက်သမ်တန်နည်းပြ ရော်နယ်ကိုးမန်းကတော့ လာမယ့်နည်းပြသစ်ဖြစ်လာနိုင်တယ်လို့ ထင်ကြေးပေးနေကြပြီး နည်းပြလျာထားစာရင်းက ခြောက်ဦးအထိရှိနေတယ်လို့လည်း သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : BBC

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment