Powered by Blogger.

အက်သလက်တီကိုအသင်းနည်းပြနေရာကနေ နှုတ်ထွက်ဖွယ်ရှိတဲ့ ဆီမြွန်နီ


သုံးနှစ်အတွင်းမှာ ရီးရဲလ်မက်ဒရစ်အသင်းကို နှစ်ကြိမ်ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ဆုဖလားကိုင်မြှောက်ခွင့်ကို မရရှိခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းနည်းပြ Simeone (ဆီမြွန်နီ)ကတော့ သူ့အနေနဲ့ အက်သလက်တီကို အသင်းကို ဆက်လက်ကိုင်တွယ်သွားဖို့ မသေချာတော့ဘူးလို့ ဆိုပါတယ်။ မိနစ် ၁၂၀ အထိ တစ်ဂိုးစီသရေကျနေခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ကို ခံယူခဲ့ရပြီး ပင်နယ်တီမှာ အက်သလက်တီကိုအသင်းက ၅-၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

အက်သလက်တီကိုအသင်းကို ကိုင်တွယ်ခဲ့တဲ့ လေးနှစ်ခွဲအတွင်းမှာ ချန်ပီယံလိဂ် ဆုဖလားကလွဲပြီး တစ်ခြားအဓိက ဆုဖလားအကုန်လုံးကို ရယူပေးနိုင်ခဲ့တဲ့ ဆီမြွန်နီကတော့ ဒီနှစ်မှာလည်း ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပြန်ပါတယ်။ ဒါ့ကြောင့် ဆီမြွန်နီက အသင်းကနေ နှုတ်ထွက်သွားဖွယ်ရှိနေခဲ့တဲ့ အခြေအနေကို ရောက်ရှိသွားခဲ့တာပါ။

ဆီမြွန်နီကတော့ အနာဂတ်နဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ အခုလိုပဲ ပြောပါတယ်။ “ကျွန်တော် အက်သလက်တီကိုအသင်းနဲ့ ဆက်သွားမလား ၊ လည်နေတဲ့ စက်ဝိုင်းတစ်ခုကို အဆုံးသတ်ရတော့မလားဆိုတာ ကိုယ့်ကိုကိုယ်ပြန်ပြီး မေးရတော့မယ်။ ဒါက ခင်ဗျားအတွက် အတွေးအခေါ်မေးခွန်းတစ်ခုပေါ့။ ကျွန်တော်တို့ ခံစားခဲ့ရတဲ့ အရှုံးတစ်ခုရဲ့ နောက်ကွယ်မှာပေါ့ ” လို့ ဖြေကြားခဲ့တာပါ။

“ကျွန်တော့် လက်အောက်က ကစားသမားတွေကို အားလုံးအတွက် ဂုဏ်ယူပါတယ်။ ကျွန်တော့်ကစားသမားတွေကို အရမ်းကိုချစ်တာပါ။ ကျွန်တော်တို့မှာ ရှိသမျှ အရာတွေ အားလုံးကို ပေးဆပ်ပြီး ကစားခဲ့ကြတာပါ။ ကျွန်တော်တို့ ချန်ပီယံဖြစ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီအခွင့်အရေးကို အရမယူနိုင်ခဲ့ပါဘူး။ ”

“ကျွန်တော်တို့ အလုပ်ကို ဆက်လုပ်သွားရမှာပါ။ ကျွန်တော့် အစိတ်အပိုင်းတွေမှာ ကပ်ငြိနေတဲ့ ရှုံးနိမ့်မှုတွေကို တွေးတောနေမိပါတယ်။ ကျွန်တော်တို့ အရှုံးသမားတွေဆိုတာ လူတိုင်းက မေ့ပျောက်သွားအောင် လုပ်ပေးရတော့မယ်။ ဗိုလ်လုပွဲနှစ်ခုမှာ ကျရှုံးခဲ့ပါတယ်။ ကျွန်တော်တို့ ဒဏ်ရာတွေကို ကျက်သွားအောင် ပြန်ပြီး ကုစားရအုံးမယ် ” လို့  ဆီမြွန်နီက ပြောပါတယ်။

ဆီမြွန်နီကတော့ ပြိုင်ဘက်ရီးရဲလ်မက်ဒရစ်အသင်းကိုလည်း ချီးကျူးခဲ့ပြီး သူတို့လုပ်စရာရှိတာကို အကောင်းဆုံးလုပ်ပြသွားခဲ့တာပါလို့ ပြောကြားသွားခဲ့ပါတယ်။ အက်သလက်တီကိုအသင်းကတော့ ၂၀၁၄ ခုနှစ်တုန်းက လာလီဂါမှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ကို ကျော်ဖြတ်ပြီး ဗိုလ်စွဲနိုင်ခဲ့တဲ့ ကိုးနှစ်အတွင်း ပထမဆုံးအသင်းဖြစ်ခဲ့ပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Guardian


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment