Powered by Blogger.

ဆီဗီလာအသင်းက ကြိုးကြာနီတို့ကို အနိုင်ရပြီး ယူရိုပါလိဂ်ဖလားကို သုံးနှစ်ဆက်ရယူ



 မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်မှာတော့ ဆီဗီလာအသင်းက လီဗာပူးလ်အသင်းကို သုံးဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့ပြီး ယူရိုပါလိဂ်ဖလားကို သုံးကြိမ်ဆက်ရယူနိုင်ခဲ့ပါတယ်။ ဆီဗီလာတို့အတွက် ငါးခုမြောက် ယူရိုပါလိဂ်ဖလားဖြစ်ခဲ့ပြီး လီဗာပူးလ်အသင်းကတော့ ၂၀၀၅ နောက်ပိုင်း ဥရောပအောင်မြင်မှုနဲ့ ဝေးကွာနေမှုကို အဆုံးမသတ်နိုင်ခဲ့ပါဘူး။ နည်းပြကလော့ပ်လက်ထက်မှာ လိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဖလားတွေရဲ့ နောက်ဆုံးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပေမယ့်လည်း ဖလားတစ်ခုမှ မရယူနိုင်ခဲ့တာကတော့ ကြိုးကြာနီတို့အတွက် ကံဆိုးတယ်လို့ပဲဆိုရမှာပါ။



ဘေဆယ်မြို့မှာ ကျင်းပတဲ့ ဒီဗိုလ်လုပွဲကို ပရိသတ်ဦးရေ ၃၅၀၀၀ တက်ရောက်ကြည့်ရှုခဲ့ကြပြီး ကွင်းတွင်းကစားသမားတွေရဲ့ အားပြိုင်မှုက ပြင်းထန်ခဲ့သလို ပွဲကြည့်စင်တွေပေါ်မှာလည်း နှစ်ဖက် ပရိသတ်တွေ အချင်းများတဲ့အထိ ပြိုင်ဆိုင်မှုတွေ ပြင်းထန်ခဲ့တာကို တွေ့ရပါတယ်။

လီဗာပူးလ်အသင်းကတော့ ဒိုင်လူကြီးကို ရှိန်နေခဲ့တာကြောင့် ဆီဗီလာအသင်းကို အခုလို အရှုံးပေးခဲ့ရတာဖြစ်ပြီး ကိုကီရဲ့ ဒုတိယဂိုးလူကျွံနေခဲ့တာတွေ ၊ ဆီဗီလာနောက်ခံလူတွေ ဂိုးဧရိယာအတွင်းမှာ လက်နဲ့ အကြိမ်ကြိမ်ထိမိခဲ့တာတွေကို ပင်နယ်တီမတောင်းခဲ့ဘဲ ဒိုင်လုပ်သမျှ ငြိမ်ခံနေခဲ့တာပါ။ ဒါ့ကြောင့် ရသင့်တဲ့ အခွင့်အရေးနဲ့ဂိုးတွေမရရှိခဲ့ဘဲ အခုလို ရှုံးပွဲကို ရင်ဆိုင်လိုက်ရတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းကတော့ အသင်းခေါင်းဆောင် ဟန်ဒါဆန်ဒဏ်ရာ ပြဿနာရှိနေခဲ့တာကြောင့် ကွင်းလယ်လူမီလ်နာကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးကစားခဲ့ပါတယ်။ စတာရစ်ခ်ျ ၊ ဖေမီနို ၊ လယ်လာနာ ၊ မီလ်နာ ၊ ကော်တင်ဟို ၊ အမ်မရီချန် ၊ လိုဗရန် ၊ ကိုလိုတိုရေး ၊ ကလိုင်း ၊ မော်ရီနိုစတဲ့ကစားသမားတွေနဲ့ ပွဲထွက်ကစားခဲ့ပြီး ဆီဗီလာအသင်းကတော့ ဂါမဲရိုး ၊ ရာမီ ၊ ကာရီကို ၊ ကိုကီ ၊ အန်ဇွန်ဇီစတဲ့ ကစားသမားတွေနဲ့ ပွဲထွက်ကစားခဲ့တာဖြစ်ပါတယ်။


ပြိုင်ပွဲကတော့ အကြိတ်အနယ်ရှိခဲ့ပြီး ပထမပိုင်းမှာတော့ လီဗာပူးလ်အသင်းက အကောင်းဆုံးပုံစံနဲ့ ဆီဗီလာအသင်းကို ဖိအားပေးကစားနိုင်ခဲ့ပါတယ်။ ပွဲအစ ဆယ်မိနစ်မှာတော့ လီဗာပူးလ်တိုက်စစ်မှူး စတာရစ်ခ်ျရဲ့ ခေါင်းတိုက်ဂိုးကို ဆီဗီလာနောက်တန်း ဂိုးစည်းပေါ်ကနေ ရှင်းထုတ်နိုင်ခဲ့ပါတယ်။ စတာရစ်ခ်ျ ၊ လယ်လာနာ ၊ ကော်တင်ဟိုနဲ့ ဖာမီနိုတို့ တိုက်စစ်အတွဲက ပထမပိုင်းမှာ စည်းချက်မှန်မှန်နဲ့ ကစားနိုင်ခဲ့တာကြောင့် ဆီဗီလာအသင်းကို ဖိအားပေးကစားနိုင်ခဲ့ပါတယ်။


လီဗာပူးလ်တိုက်စစ်မှူး စတာရစ်ခ်ျရဲ့ အဖွင့်ဂိုး


စတာရစ်ခ်ျရဲ့ဂိုးကို ဆီဗီလာဂိုးသမားမတားဆီးနိုင်ဘဲ ဂိုးဝင်သွားစဉ်

လီဗာပူးလ်အသင်းက ဦးဆောင်ဂိုးကို စတင်ရယူနိုင်ခဲ့ပြီး ပွဲချိန် ၃၅ မိနစ်မှာ ကော်တင်ဟိုရဲ့ ပေးပို့မှုကနေတစ်ဆင့် စတာရစ်ခ်ျက နောက်ခံလူနှစ်ယောက်ကြားထဲကို ပညာသားပါပါနဲ့ ကန်သွင်းခဲ့တာပါ။ ၃၉ မိနစ်မှာတော့ နောက်ခံလူ လိုဗရန်က ခေါင်းတိုက်သွင်းယူခဲ့ပေမယ့်လည်း စတာရစ်ခ်ျက ဂိုးသမားရှေ့မှာ မြင်ကွင်းကွယ်နေခဲ့ပြီး လူကျွံနေခဲ့တာကြောင့် လူကျွံဘောဖြစ်တယ်လို့ စည်းကြပ်ဒိုင်က သတ်မှတ်ခဲ့တာဖြစ်ပါတယ်။


ဂါမဲရိုးရဲ့ချေပဂိုး

အောင်ပွဲခံနေတဲ့ ဆီဗီလာတိုက်စစ်မှူး ဂါမဲရိုး

ဒုတိယပိုင်းမှာတော့ အခြေအနေတွေက တစ်မျိုးတစ်ဖုံပြောင်းလဲသွားခဲ့ပြီး ဆီဗီလာအသင်းက လီဗာပူးလ်အသင်းကို ပြန်ပြီး ဖိကစားနိုင်ခဲ့တာကို တွေ့ရပါတယ်။ ဒုတိယပိုင်းပြန်အစမှာပဲ ချေပဂိုးကို ဖာရဲရားရဲ့ ပေးပို့မှုကနေတစ်ဆင့် ဆီဗီလာတိုက်စစ်မှူး ဂါမဲရိုးက ပိတ်သွင်းယူသွားခဲ့ပါတယ်။ ချေပဂိုးခွင့်ပြုလိုက်ရတဲ့နောက်မှာ လီဗာပူးလ်အသင်းက မျက်စိသူငယ် ၊ နားသူငယ် ကစားပုံနဲ့ ကစားနေတာကြောင့် အားမရစရာဖြစ်ခဲ့ပါတယ်။ နည်းပြကလော့ပ်ကလည်း စိတ်ဓာတ်မြှင့်တင်ရေးကို ဘေးစည်းကနေ ပြုလုပ်ပေးနေမှုနည်းပါးခဲ့ပါတယ်။

အသင်းခေါင်းဆောင်အတွေ့အကြံနည်းတဲ့ မီလ်နာကလည်း ကစားသမားတွေကို ကွင်းတွင်းမှာ အော်ဟစ်အားပေးမှုတွေက သိပ်မရှိခဲ့တာကြောင့် တပ်ပျက်သလိုဖြစ်သွားခဲ့ပါတယ်။

ကိုကီရဲ့ ဒုတိယဦးဆောင်ဂိုး

ကိုကီရဲ့ ပွဲသိမ်းဂိုး
၆၄ မိနစ်မှာတော့ ဆီဗီလာကွင်းလယ်လူကိုကီက ဦးဆောင်ဂိုးကို လှလှပပ ကန်သွင်းယူပေးခဲ့ပြီး နောက်ထပ် ၆ မိနစ်အကြာမှာလည်း ကိုကီကပဲ ရယူပေးခဲ့တာဖြစ်ပါတယ်။ ဒီဂိုးမှာတော့ ကိုကီလူကျွံနေပေမယ့်လည်း စည်းကြပ်ဒိုင်က ဂိုးအဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။ ဒါ့ကြောင့် လီဗာပူးလ်အသင်းကတော့ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပြီး ဆီဗီလာအသင်းက သူတို့ရဲ့ သုံးနှစ်ဆက် ယူရိုပါလိဂ်ဖလားကို ရယူသွားနိုင်ခဲ့ပါတယ်။



အောင်ပွဲခံနေတဲ့ ဆီဗီလာအသင်းသားများ


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Youtube , Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment