Powered by Blogger.

မန်ယူအသင်းက ဘုန်းမောက်ကို သုံးဂိုးတစ်ဂိုးနဲ့အနိုင်ရပြီး အဆင့်ငါးနေရာရယူ



ပွဲချိန်ရွှေ့ဆိုင်းခဲ့ရတာကြောင့် အခြားအသင်းတွေထက် နောက်ကျပြီးမှ ကစားခဲ့ရတဲ့ မန်ယူအသင်းဟာ ဘုန်းမောက်အသင်းကို သုံးဂိုးတစ်ဂိုးနဲ့အနိုင်ရရှိခဲ့ပြီး ယူရိုပါလိဂ်တိုက်ရိုက်ဝင်ခွင့်ဖြစ်တဲ့ အဆင့်ငါးနေရာကို ရယူနိုင်ခဲ့ပါတယ်။ ဒီပွဲမှာတော့ အသင်းခေါင်းဆောင် ရွန်းနီက အကောင်းဆုံးခြေစွမ်းပြကစားသွားခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပထမဆုံးအကြိမ်အဖြစ် ရွေးချယ်ခံထားရတဲ့ လူငယ်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကလည်း တစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။

မာတာ ၊ ရွန်းနီ ၊မာရှယ်လ်နဲ့ ရက်ရှ်ဖို့ဒ်တို့ရဲ့ အကောင်းဆုံးတွဲဖက်မှုကို ဒီပွဲမှာ မြင်ခဲ့ရပြီး ပြိုင်ဘက်ခံစစ်ကို သတ်တဲ့ Dead pass တွေနဲ့အတူ ဂိုးတွေကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဘုန်းမောက်အသင်းကတော့ တန်းဆင်းဇုန်ကလည်းလွတ်မြောက်ခဲ့ပြီဖြစ်ပြီး ဘာမျှော်လင့်ချက်မှ မရှိတော့တာကြောင့် ဒီပွဲကို သိပ်ပြီး အားထည့်ကစားခဲ့မှု မရှိတာကိုတွေ့ရပါတယ်။

မန်ယူအသင်းအတွက်တော့ အက်ဖ်အေဖလားဗိုလ်လုပွဲမတိုင်ခင်မှာ Team-work ကို အကောင်းဆုံး စမ်းသပ်ခံခဲ့တဲ့ ပွဲလို့ သတ်မှတ်ရမှာဖြစ်ပြီး ကစားသမားတွေရဲ့ အတွဲအဖက်နဲ့ အဆုံးအဖြတ်တွေက မှန်ကန်ပြီး မြန်ဆန်မှုရှိလာတာကိုတွေ့ရပါတယ်။ ဒီပွဲမှာ မန်ယူနောက်တန်းက Clean-sheet ကို ထုံးစံအတိုင်းမရယူနိုင်ခဲ့ဘဲ အယောင်ယောင်အမှားမှားဖြစ်နေခဲ့တာကို တွေ့ရပါတယ်။

 ပွဲပြီး နာကျင်အချိန်ပို ၉၄ မိနစ်မှာ နောက်ခံလူ စမောလင်းက ကိုယ့်ဂိုးကိုယ်သွင်းယူလိုက်တာကြောင့် clean-sheet တစ်ပွဲထပ်ရယူနိုင်ရင် ပရီးမီးယားလိဂ်ရွှေလက်အိတ်ဆုကို အာဆင်နယ်ဂိုးသမား ပီတာချက်နဲ့အတူ ပူးတွဲရယူနိုင်မယ့် အခွင့်အရေးကို ဂိုးသမားဒီဂီယာလက်လွတ်လိုက်ရပါတယ်။



ရွန်းနီရဲ့ အဖွင့်ဂိုး

အိုးလ်ထရက်ဖို့ဒ်မှာ ဂိုး ၁၀၀ ပြည့်ခဲ့တဲ့ ရွန်းနီ

မန်ယူအသင်းရဲ့ အဖွင့်ဂိုးကိုတော့ ၄၃ မိနစ်မှာ မာရှယ်လ်နဲ့ မာတာတွဲလုံးကနေတစ်ဆင့် မာရှယ်လ်ချိုးပေးတာကို ရွန်းနီက အသာအယာကန်သွင်းယူခဲ့တာပါ။ ဒီဂိုးကြောင့် ရွန်းနီဟာ အားကစားကွင်းတစ်ခုတည်းမှာ ဒုတိယမြောက်ဂိုးအများဆုံးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားဖြစ်လာခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ သွင်းဂိုး ၁၀၀ ပြည့်သွားတာကြောင့် အာဆင်နယ်တိုက်စစ်မှူး ဟင်နရီ (ဟိုက်ဘူရီကွင်းတွင် ၁၁၄ ဂိုးသွင်းယူနိုင်ခဲ့သူ) ရဲ့နောက်မှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ရဲ့ ဒုတိယဂိုး
 ဒုတိယဂိုးကိုတော့ ပွဲချိန် ၇၄ မိနစ်မှာ ရွန်းနီရဲ့ ဖြတ်တင်ဘောကနေတစ်ဆင့် ဗလင်စီယာက ခေါင်းတိုက်ချပေးခဲ့ပြီး ရက်ရှ်ဖို့ဒ်က ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာအကောင်းဆုံးဆုကိုတော့ တစ်ဂိုးသွင်းပြီး ကျန်တဲ့နှစ်ဂိုးမှာ ပါဝင်ပတ်သက်ခဲ့တဲ့ အသင်းခေါင်းဆောင်ရွန်းနီက ရရှိသွားခဲ့ပါတယ်။

အက်ရှ်လေယန်းရဲ့ တတိယဂိုး
တတိယဂိုးကတော့ မာရှယ်လ်အစားဝင်ရောက်လာတဲ့ အက်ရှ်လေယန်းက ရွန်းနီရဲ့ သေသပ်တဲ့ မ,တင်ပေးမှုကနေတစ်ဆင့် လူကျွံထောင်ချောက်ကို ဖောက်ထွက်သွင်းယူသွားခဲ့တာဖြစ်ပြီး ဘုန်းမောက်အသင်းအတွက် ချေပဂိုးတစ်ဂိုးကတော့ ဘုန်းမောက်အသင်းရှေ့တန်းရဲ့ ဖြတ်ပို့မှုကို စမောလင်းက ဖျက်ထုတ်ရင်း ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တာဖြစ်ပါတယ်။ စမောလင်းကတော့ တစ်ရာသီလုံး ဒုတိယအဆင့် ကစားပုံလောက်သာပြသခဲ့ပြီး နောက်ခံလူစစ်စစ်မဟုတ်တဲ့ ဘလင်းလောက်တောင် နောက်တန်းမှာ လွှမ်းမိုးမှုမရှိခဲ့တာကိုတွေ့ရပါတယ်။

မန်ယူအသင်း ပြင်ဆင်သင့်တဲ့အပိုင်းကတော့ ကွင်းလယ်အဖျက်နဲ့ နောက်တန်းပိုင်းလို့ သုံးသပ်ရမှာဖြစ်ပြီး အသက်သုံးဆယ်ရှိနေပြီဖြစ်တဲ့ ဗဟိုကွင်းလယ်လူ ကာရစ်ကလည်း နောက်တန်းကို အရင်လို မထောက်ပံ့နိုင်တော့တာကို တွေ့ရတယ်။ ကာရစ် ၊ ရှနိုက်ဒါလင်နဲ့ ဖယ်လိုင်နီတို့ ကွင်းလယ်ကစားသမားတွေ အားလုံးကတော့ ဒီရာသီမှာ သိပ်မစွံခဲ့ပါဘူး။

 ဟာရဲရားနဲ့ ရှဝိန်းစတိုင်ဂါတို့ကလည်း နေရာပြောင်းကစားရတာတွေများလာတာကြောင့် ခြေစွမ်းတွေ
ပျောက်ဆုံးကုန်တာတွေ့ရပါတယ်။ ဒါ့အပြင် မန်ယူအသင်းရဲ့ အဓိက ကစားသမားတွေလည်း သက်ဆိုင်ရာနိုင်ငံလက်ရွေးစင်အသင်းလူစာရင်းမှာ ပါဝင်နိုင်ဖို့တောင် အနိုင်နိုင်ဖြစ်လာခဲ့တာက မန်ယူအသင်းအတွက်တော့ ကောင်းတဲ့ သင်္ကေတတော့ မဟုတ်ပါဘူး။

ရွှေလက်အိတ်ဆုကို လက်လွတ်လိုက်ရပြီးနောက် စိတ်ပျက်နေတဲ့ ဂိုးသမား ဒီဂီယာ




( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : DailyMail


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment