Powered by Blogger.

ဝက်စ်ဟမ်းအသင်းက ဘန်တီကီ ၊ ဘတ်ရှူယီနဲ့ ဝဲလ်ကော့တ်တို့ သုံးဦးကို ပစ်မှတ်ထားနေ




လန်ဒန်အခြေစိုက်အသင်းတစ်သင်းဖြစ်ပြီး ယခုရာသီမှာ သင့်တင့်တဲ့ အောင်မြင်မှုတွေရရှိလာတဲ့ ဝက်စ်ဟမ်းအသင်းဟာ လာမယ့်ရာသီမှာ လူအင်အားတောင့်တောင့်တင်းတင်နဲ့ အကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့အတွက် ကစားသမားခေါ်ယူမှုတွေ ပြုလုပ်သွားတော့မှာပါ။ 

လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူး ဘန်တီကီ ၊ မာဆေးလ်အသင်းမှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး ဘတ်ရှူယီနဲ့ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမား သီယိုဝဲလ်ကော့တ်တို့ကို ဝက်စ်ဟမ်းအသင်းက အဓိက ပစ်မှတ်ထားခေါ်ယူသွားဖွယ်တွေ ရှိနေတာပါ။

ဝက်စ်ဟမ်းအသင်းဟာ လီဗာပူးလ်အသင်းမှာ တစ်ပတ်ကို ပေါင် ၁၂၀၀၀၀ အထိရရှိနေတဲ့ တိုက်စစ်မှူး ဘန်တီကီကို ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းမှုတွေပြုလုပ်သွားမှာပါ။ အသင်းဥက္ကဋ္ဌ ဒေးဗစ်ဆူလီဗန်ကတော့ ဘန်တီကီရဲ့ လစာငွေ မြင့်မားမှုကတော့ အတားအဆီးတစ်ခုဖြစ်လာနိုင်တယ်လို့ ဆိုထားပါတယ်။ ဘန်တီကီကတော့ လီဗာပူးလ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့ ကြိုးစားနေရသူဖြစ်ပြီး နည်းပြ ကလော့ပ်ရဲ့ ယုံကြည်မှုတွေ ပျောက်ဆုံးခြင်းကို ခံနေရတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဝဲလ်ကော့တ်ကတော့ အာဆင်နယ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရရှိတော့တာကြောင့် အသင်းပြောင်းရွှေ့ချင်နေတဲ့ ကစားသမားတစ်ယောက်ပါ။ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီကစားသမားကိုတော့ ဝက်စ်ဟမ်းအသင်းက လာမယ့် ရာသီ ထိပ်ဆုံးလေးသင်းနေရာကို စိန်ခေါ်နိုင်ဖို့အတွက် ခေါ်ယူချင်လျက်ရှိနေတာပါ။

ဝဲလ်ကော့တ်ဟာဆိုရင်တော့ အာဆင်နယ်အသင်းမှာ ဆယ်နှစ်ကျော်ကစားခဲ့ပြီး ၂၃၁ ပွဲအထိ ကစားခဲ့တဲ့ ဂန်းနားသက်တော်ရှည် ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ အသက် ၁၇ နှစ်အရွယ်တည်းက ဆောက်သမ်တန်အသင်းကနေ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး မြန်နှုန်းမြင့်ကစားပုံကြောင့် ထင်ရှားခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။

ဒီကစားသမားကိုတော့ နည်းပြဝင်းဂါးက လက်မလွှတ်ချင်သေးဘဲ အသင်းမှာဆက်ထိန်းနိုင်ဖို့ ကြိုးစားနေခဲ့ပေမယ့်လည်း ပွဲထွက်ခွင့် အာမခံချက် မရှိတော့တာကြောင့် ဝဲလ်ကော့တ်က အသင်းပြောင်းဖို့ ဆုံးဖြတ်လိုက်တာပါ။ ဒါ့ကြောင့်ဝက်စ်ဟမ်းအသင်းက ဒီကစားသမားကို ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းဝန်းကျင်အထိ တိုးမြှင့်ကမ်းလှမ်းပြီး အရခေါ်ဖို့ ကြိုးစားလျက်ရှိနေတာပါ။

မာဆေးလ်အသင်းရဲ့ တိုက်စစ်မှူး ဘတ်ရှူယီကတော့ မာဆေးလ်အသင်းမှာ အတူတွဲဖက်ကစားခဲ့တဲ့ ကွင်းလယ်လူဟောင်း ပါယက်ရဲ့ လမ်းစဉ်ကို လိုက်ဖို့ ကြိုးစားနေပြီး ဝက်စ်ဟမ်းအသင်းမှာ အကောင်းဆုံး ကစားပုံတွေရရှိနိုင်ဖို့ မျှော်လင့်လျက်ရှိနေတာပါ။ဘတ်ရှူယီရဲ့ တန်ကြေးကတော့ ပေါင် ၂၃ သန်းလောက်ရှိနိုင်ပြီး ဝက်စ်ဟမ်းအသင်းရဲ့ တိုက်စစ်ပိုင်းကွက်လပ်ကို ဖြည့်စွက်ပေးနိုင်မယ့် ကစားသမားတစ်ယောက်လို့ ထင်ကြေးပေးခံနေရပါတယ်။ 

ဝက်စ်ဟမ်းအသင်းရဲ့ နည်းပြဘီလစ်ကတော့ လာမယ့် အပြောင်းအရွှေ့မှာ တိုက်စစ်အသားပေးကစားသမားတွေကို အရခေါ်သွားဖို့ ဆန္ဒရှိနေပြီး အပြောင်းအရွှေ့ ဘတ်ဂျတ်ပေါင်သန်း ၅၀ လောက်အထိ အသုံးပြုခွင့်ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment