Powered by Blogger.

ဝက်စ်ဟမ်းအသင်းကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်မသေချာတော့တဲ့ မန်ယူ



မနေ့ညတုန်းကတော့ မန်ယူအသင်းဟာ ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ရပါတယ်။ မန်ယူအသင်းအတွက် ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာ ရဖို့ အရေးကြီးလှတဲ့ ပွဲတစ်ပွဲဖြစ်ပေမယ့်လည်း မန်ယူအသင်းရဲ့ အနေအထားက သိပ်ပြီး အားစိုက်ထုတ်မှုမရှိခဲ့တာကို တွေ့ရပါတယ်။ မန်ယူအသင်းက ဒီပွဲကစားဖို့ လာရောက်တဲ့ လမ်းတစ်လျှောက်မှာလည်း ဝက်စ်ဟမ်းအသင်းပရိသတ်တွေရဲ့ တိုက်ခိုက်မှုကိုခံခဲ့ရတာကြောင့် သတ်မှတ်ထားတဲ့ ပွဲချိန်ထက် ၄၅ မိနစ်နောက်ကျပြီးမှ ဒီပွဲကို စတင်နိုင်ခဲ့ပါတယ်။

မန်ယူအသင်းအတွက် must-win ပုံစံနဲ့ ကစားရမယ့် ပွဲဖြစ်ပေမယ့်လည်း ကစားပုံနဲ့ အားထုတ်မှုက သာမန်ထက် မပိုခဲ့ပါဘူး။ ဝက်စ်ဟမ်းအသင်းကတော့ ဒီပွဲမှာ သုံးဂိုးနှစ်ဂိုးနဲ့အနိုင်ရခဲ့တာကြောင့် မန်ယူအသင်းနဲ့ အမှတ်ကွာဟမှုကို လျှော့ချနိုင်ခဲ့ပြီး အဆင့်ခြောက်နေရာမှာ မန်ယူအသင်းနဲ့ တစ်မှတ်သာ ကွာဟမှုရှိတော့တာကို တွေ့ရပါတယ်။


မန်ယူကစားသမားများကို သယ်ဆောင်လာတဲ့ကားကို ဝက်စ်ဟမ်းပရိသတ်များ ဘီယာတိုက်
မန်ယူ၏ကားကြီး ဘီယာသောက်ပြီးနောက်

မန်ယူအသင်းကတော့ ပါဝင်ဖို့ မသေချာဖြစ်နေတဲ့ မာရှယ်လ်ပါဝင်လာခဲ့ပြီး ရွန်းနီ ၊ ရှနိုက်ဒါလင် ၊  ရပ်ရှ်ဖို့ဒ် နဲ့ မာတာ စတဲ့ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းကတော့ အန်တိုနီယို ၊ ဝင်စတန်ရိဒ် ၊ အော့ဘွန်နာစတဲ့နောက်တန်းကစားသမားတွေနဲ့ ကွင်းလယ်မှာတော့ ပါယက် ၊ ကူယာတေး ၊ လန်ဇီနီ ၊ တိုက်စစ်မှာတော့ အန်ဒီကာရိုးလ်ကို အထောင်ထားပြီး ကစားခဲ့တာပါ။


မာရှယ်လ်ရဲ့ ပထမသွင်းဂိုးကို အောင်ပွဲခံနေတဲ့ ဒီဂီယာအတွက် ဝက်စ်ဟမ်းပရိသတ်များထဲမှာ ရေသန့်ဘူးချီးမြှင့်လိုက်စဉ်


မန်ယူအသင်းကတော့ ဒီပွဲမှာ အရင်ကလိုပဲ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့ပေမယ့်လည်း ဝေ့လည်ကြောင်ပတ်လုပ်နေတာကြောင့် ဂိုးအခွင့်အရေးဖန်တီးနိုင်မှု အရမ်းကို နည်းပါးလွန်းခဲ့တာကိုတွေ့ရပါတယ်။ ဝက်စ်ဟမ်းအသင်းကတော့ နောက်တန်းပေါ့ဆမှုတစ်ချို့ကြောင့်သာ မန်ယူအသင်းရဲ့ သွင်းဂိုးတွေကို ခွင့်ပြုခဲ့ရတာဖြစ်ပြီး သူတို့အသင်းကိုယ်တိုင်ကတော့ ဂိုးသွင်းခွင့် အတော်များများ ဖန်တီးနိုင်ခဲ့ပါတယ်။

ဆာခိုရဲ့ အဖွင့်ဂိုး


ပွဲအစ ဆယ်မိနစ်မှာပဲ ဝက်စ်ဟမ်းအသင်းဂိုးရခဲ့ပြီး လန်ဇီနီရဲ့ ပေးပို့မှုကနေတစ်ဆင့် ကွင်းလယ်လူ ဆာခိုက ဂိုးသမားဒီဂီယာရဲ့ ညာဘက်ထောင့်ကျဉ်းထဲကို ကန်သွင်းယူခဲ့တာပါ။ ဒီပွဲမှာတော့ ဝက်စ်ဟမ်းအသင်းခေါင်းဆောင် နိုဘယ်လ်ဦးဆောင်တဲ့ ကွင်းလယ်စုဖွဲ့မှုက အကောင်းဆုံးအနေအထားတစ်ရပ်ကို ပြသနိုင်ခဲ့ပါတယ်။


မာရှယ်လ်ရဲ့ အနီးကပ်ပိတ်သွင်းမှု
မာရှယ်ရဲ့ ဒုတိယဂိုး
ပထမပိုင်းမှာတော့ ဝက်စ်ဟမ်းအသင်းကပဲ တောက်လျှောက်ဖိကစားခဲ့ပြီး တိုက်စစ်မှူး ကာရိုးလ်ရဲ့ တစ်ဦးချင်းအခွင့်အရေးကောင်းတွေနဲ့ ပါယက်ရဲ့ ကန်ချက်တွေ ဂိုးပေါက်မတည့်ခဲ့လို့ တစ်ဂိုးအသာလောက်နဲ့သာ ဝက်စ်ဟမ်းအသင်းက ဦးဆောင်နေခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ မန်ယူအသင်းက တန်ပြန်တိုက်စစ်အခွင့်အရေးနှစ်ခုကို အကောင်းဆုံးအသုံးချနိုင်ခဲ့ပြီး နှစ်ဂိုးဆက်တိုက်ရယူနိုင်ခဲ့ပါတယ်။

ဒီရာသီမှာ မန်ယူအသင်းရဲ့ အသက်လိုဖြစ်နေတဲ့ မာရှယ်လ်ရဲ့ အဆုံးသတ်ပိုင်းသေချာမှုကြောင့်သာ ဒီဂိုးနှစ်ဂိုးကို ရရှိခဲ့တာပါ။ ၅၁ မိနစ်မှာ မာတာရဲ့ ချိုးပေးမှုကနေ marking လွတ်နေတဲ့ မာရှယ်လ်က အသာအယာပိတ်သွင်းယူခဲ့ပြီး ၊ ၇၁ မိနစ်မှာလည်း မာရှယ်လ်ရဲ့ ဘယ်တောင်ပံ တိုးအားကနေတစ်ဆင့် ဂိုးထဲကိုပဲ ကန်သွင်းယူခဲ့တာကြောင့် မန်ယူတို့ နှစ်ဂိုးတစ်ဂိုးနဲ့ ဦးဆောင်ခဲ့တာပါ။

ဝက်စ်ဟမ်းအသင်းကတော့ အရှုံးအနေအထားကို ရောက်ရှိသွားခဲ့ပေမယ့်လည်း ပျာယာခတ်မသွားဘဲ သူုတို့အားသန်တဲ့ အမြင့်ဘောတွေကနေတစ်ဆင့် မန်ယူအသင်းကို ဖိအားပြန်ပေးနိုင်ခဲ့ပါတယ်။ ဒီအချိန်မှာ ပွဲအဖြေကို သုံးဂိုးနှစ်ဂိုးလို့ ပြန်ဖြစ်စေခဲ့တာကတော့ ဝက်စ်ဟမ်းအသင်းရဲ့ စိတ်ဓာတ်ပိုင်းကြောင့်လို့ပဲ ဆိုရမှာပါ။


အန်တိုနီယိုရဲ့ ချေပဂိုး

အန်တိုနီယိုရဲ့ ခေါင်းတိုက်ဂိုးဝင်သွားစဉ်

အသင်းခေါင်းဆောင်နိုဘယ်လ်က ကွင်းတွင်းနည်းပြတစ်ယောက်ဖြစ်ခဲ့ပြီး အသင်းကို အဆင်းအတက်မှန်မှန် ၊ အဝင်အထွက် မှန်မှန်နဲ့ ကစားနိုင်အောင် ပံ့ပိုးထောက်ပံ့နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ၇၆ မိနစ်မှာပဲ ပါယက်ရဲ့ ဖြတ်တင်ဘောကို အန်တိုနီယိုက ခေါင်းတိုက်ချေပခဲ့ပြီး နှစ်ဂိုးစီသရေကျနေခဲ့ပါတယ်။


ဝင်စတန်ရိဒ်ရဲ့ ခေါင်းတိုက်အနိုင်ဂိုး


ဝင်စတန်ရိဒ်ရဲ့ ခေါင်းတိုက်အနိုင်ဂိုး

မန်ယူအသင်းကတော့ အနိုင်ရမှအခြေအနေကောင်းမှာဖြစ်ပေမယ့်လည်း ဝက်စ်ဟမ်းအသင်းရဲ့ ကွင်းလယ်ကို ကျော်ဖြတ်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိတာကိုတွေ့ရပါတယ်။ ပွဲချိန် မိနစ် ၈၀ မှာတော့ ပါယက်ရဲ့ ပြစ်ဒဏ်ဘောကနေတစ်ဆင့် ဝက်စ်ဟမ်းနောက်ခံလူ ဝင်စတန်ရိဒ်က ဝက်စ်ဟမ်းအသင်းအတွက် အနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူခဲ့ပြီး မန်ယူအသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် အိပ်မက်ကို ရိုက်ချိုးပစ်ခဲ့ပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Photo : DailyMail






Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment