Powered by Blogger.

ဝက်စ်ဟမ်းအသင်းက လက်စတာတိုက်စစ်မှူး ဗာဒီကို ခေါ်ယူဖို့ စီစဉ်နေ


တိုက်စစ်အားဖြည့်မှုတွေကို ဆက်တိုက်ပြုလုပ်လာခဲ့တဲ့ ဝက်စ်ဟမ်းအသင်းကတော့ လက်စတာအသင်းရဲ့ ဂိုးသွင်းဘုရင် Vardy (ဗာဒီ)ကို ခေါ်ယူဖို့ စိတ်ဝင်စားလာတယ်လို့ သိရပါတယ်။ ဝက်စ်ဟမ်းအသင်းရဲ့ နည်းပြဖြစ်တဲ့ ဘီလစ်ကတော့ ဒီရာသီမှာ အဆင့်ခုနစ်နေရာနဲ့ ရာသီသိမ်းခဲ့ရတာကို အားမရဖြစ်နေပြီး ပြိုင်ဘက်အသင်းတွေကို အကောင်းဆုံးခြိမ်းခြောက်နိုင်တဲ့ တိုက်စစ်ကို ပုံဖော်လိုနေတာဖြစ်ပါတယ်။

ဘီလစ်ကတော့ လက်ရှိတိုက်စစ်မှူး အန်ဒီကာရိုးလ်ကို အားမရဖြစ်နေပြီး တိုက်စစ်မှူးနေရာတွေအတွက် လက်စတာတိုက်စစ်မှူးဗာဒီနဲ့ လီဗာပူးလ်တိုက်စစ်မှူး ဘန်တီကီတို့ကို စောင့်ကြည့်လျက်ရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင်အာဆင်နယ်အသင်းကနေထွက်ခွာဖွယ်ရှိနေတဲ့ ကွင်းလယ်လူ ဝဲလ်ကော့ကိုလည်း စောင့်ကြည့်လျက်ရှိနေပြီး ပီအက်စ်ဂျီအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပရီးမီးယားလိဂ်ကို ရောက်ရှိလာမယ့် တိုက်စစ်မှူး အီဘရာဟီမိုဗစ်ကိုလည်း စိတ်ဝင်စားလျက်ရှိနေတယ်လို့သိရပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ လာမယ့် အပြောင်းအရွှေ့ရာသီမှာ အသုံးစရိတ် ပေါင် သန်းငါးဆယ်လောက်အထိ အသုံးပြုသွားဖွယ်ရှိနေပြီး အဆင့်မီကစားသမားတွေကို ရွေးချယ်ခေါ်ယူဖို့အတွက် အသင်းပိုင်ရှင်ဒေးဗစ်ဂိုးလ်နဲ့ ဒေးဗစ်ဆူလီဗန်တို့က ပစ်မှတ်ထားလျက်ရှိနေပါတယ်။ ပြင်သစ်ကွင်းလယ်လူ ပါယက်ကို အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တဲ့ ဝက်စ်ဟမ်းအသင်းကတော့ ကစားသမားရဲ့ အကျိုးပြုမှုကို ချက်ချင်းခံစားခဲ့ရတာကြောင့် အသင်းကို အကျိုးပြုနိုင်ချေရှိတဲ့ ကစားသမားတွေကို ခေါ်ယူဖို့ ဆန္ဒရှိနေတာလည်းဖြစ်ပါတယ်။

လက်စတာအသင်းတိုက်စစ်မှူး ဗာဒီကတော့ လက်ရှိအချိန် လက်စတာအသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၄၅၀၀၀ အထိရရှိမယ့် စာချုပ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကမှ ချုပ်ဆိုခဲ့ပြီး လက်စတာအသင်းမှာ ၂၀၁၉ အထိ ဆက်ရှိနေမယ့် ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်းကတော့ ဗာဒီကို ပေါင် ၂၅ သန်းဝန်းကျင်နဲ့ စတင်ကမ်းလှမ်းသွားဖွယ်ရှိနေပြီး ဒီပမာဏထက်လည်း တိုးမြှင့်ပေးချေသွားဖွယ်ရှိနေပါတယ်။

ဝက်စ်ဟမ်းအသင်းကတော့ လာမယ့်ရာသီသစ်မှာ အိမ်ကွင်းသစ်အဖြစ် အိုလံပစ်ကွင်းကြီးကို ပြောင်းရွှေ့တော့မှာဖြစ်ပြီး အဲ့ဒီကွင်းကြီးမှာ ဥရောပအဆင့်အောင်မြင်မှုအထိ ရယူဖို့ပစ်မှတ်ထားလျက်ရှိနေတယ်လို့လည်း သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment