Powered by Blogger.

PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို လက်စတာကွင်းလယ်လူ မာရက်ဇ်နှင့် အကောင်းဆုံးလူငယ်ကစားသမားဆုကို စပါးကွင်းလယ်လူ အယ်လီတို့ ဆွတ်ခူး




မနေ့ညကတော့ PFA ဆုပေးပွဲကို လန်ဒန်မြို့က the Grosvenor ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ ပရီးမီးယားလိဂ်က ကစားသမားတွေကိုသာ ရွေးချယ်ချီးမြှင့်လေ့ရှိတဲ့ PFA (Professional Footballers’ Association) ထူးချွန်ဆုပေးပွဲမှာတော့ လက်စတာကွင်းလယ်လူ မာရက်ဇ်က တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးခဲ့ပြီး အကောင်းဆုံးလူငယ်ကစားသမားဆုကိုတော့ စပါးကွင်းလယ် အယ်လီတို့က ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။

မာရက်ဇ်နှင့် လက်စတာနည်းပြ ရာနီရေးရီ

မာရက်ဇ်ဟာဆိုရင်တော့ နောက်ဆုံးခြောက်ယောက်ဆန်ကာတင်စာရင်းမှာ အသင်းဖော် ဗာဒီ ၊ ကန်တေ ၊ ဝက်စ်ဟမ်းကွင်းလယ်လူ ပါယက် ၊ အာဆင်နယ် ကွင်းလယ်လူ အိုဇေးလ် နဲ့ စပါးတိုက်စစ်မှူး ဟာရီကိန်းတို့နဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။ လက်စတာအသင်းအတွက် ဒီရာသီအတွင်း ၃၄ ပွဲကစားခဲ့ရာမှာ ၁၇ ဂိုးသွင်းယူပြီး ၁၁ ဂိုးအထိ ဖန်တီးပေးထားနိုင်ခဲ့တာကြောင့် အခုလို ထူးချွန်ဆု ချီးမြှင့်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

စပါးအသင်း လူငယ်ကွင်းလယ်လူ အယ်လီ
အကောင်းဆုံးလူငယ်ကစားသမားဆုမှာတော့ စပါးအသင်းရဲ့ ကွင်းလယ်ကစားသမား ဒဲလ်အယ်လီက ရရှိခဲ့ပါတယ်။ အသက် ၂၀ အရွယ်သာရှိသေးတဲ့ အယ်လီဟာဆိုရင်တော့ စပါးအသင်းနဲ့ ပွဲဦးထွက်ရာသီမှာပဲ ဆယ်ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် အခုလို ဆွတ်ခူးနိုင်ခဲ့တာပါ။

အဲဗာတန်ကွင်းလယ်လူ ရော့စ်ဘာကလေ ၊တိုက်စစ်မှူး လူကာကူ ၊ စတုတ်ဂိုးသမား ဂျက်ဘတ်လန်း ၊ လီဗာပူးလ်ဖန်တီးရှင် ကော်တင်ဟိုနဲ့ စပါးအသင်းဖော် ဟာရီကိန်းတို့ကို ကျော်ဖြတ်ပြီး ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။



ဒါ့အပြင် မန်ယူအသင်းရဲ့ လက်ထောက်နည်းပြဖြစ်တဲ့ ရွိုင်ယန်ဂစ်ကလည်း PFA က ချီးမြှင့်တဲ့ Merit ဆုကို ရရှိခဲ့ပါတယ်။ ဂစ်ဟာဆိုရင်တော့ ကစားသမားဘဝမှာလည်း PFA အကောင်းဆုံးလူငယ်ကစားသမားဆုနဲ့ PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုတွေကို ဆွတ်ခူးခဲ့ဖူးတာကြောင့် သူ့အတွက် သုံးခုမြောက် PFA ထူးချွန်ဆုဖြစ်ခဲ့ပါတယ်။

ဂုဏ်ထူးဆောင်ဆုရ နည်းပြများ

ဂုဏ်ထူးဆောင်ဆုတွေအနေနဲ့တော့ ဗြိတိန်အသင်းဝင်တွေဖြစ်ကြတဲ့ မြောက်အိုင်ယာလန် ၊ အင်္ဂလန် ၊ အိုင်ယာလန်နဲ့ စကော့တလန်အသင်းတွေကို ယူရိုပြိုင်ပွဲကို ရောက်ရှိအောင်ပို့ဆောင်နိုင်ခဲ့ကြတဲ့ နည်းပြ ရွိုင်းဟော့ဒ်ဆန် ၊ မာတင်အိုနေးလ် ၊ ခရစ်ကိုးလ်မန်းနဲ့ မိုက်ကယ်အိုနေးလ်တို့က ရရှိခဲ့ကြပါတယ်။




လက်စတာတိုက်စစ်မှူး ဂျေမီဗာဒီကလည်း ယခုရာသီအတွင်းမှာ ၁၁ ပွဲဆက် ဂိုးသွင်းစံချိန်ကို မန်ယူတိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းကို ကျော်ဖြတ်ပြီး တင်ရှိနိုင်ခဲ့တာကြောင့် ဂုဏ်ထူးဆောင်ဆုကို ရရှိခဲ့ပါတယ်။



မန်စီးတီးအမျိုးသမီးအသင်းတိုက်စစ်မှူး ခရစ္စတီယန်ဆန်
အကောင်းဆုံးအမျိုးသမီးကစားသမားဆုကိုတော့ မန်စီးတီးအမျိုးသမီးအသင်းတိုက်စစ်မှူး ခရစ္စတီယန်ဆန်နဲ့ အကောင်းဆုံး အမျိုးသမီးလူငယ်ကစားသမားဆုတွေကိုတော့ ဆန်းဒါးလန်းအမျိုးသမီးအသင်းကစားသမား ဘတ်သ်မတ်က ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဆန်းဒါးလန်းအမျိုးသမီးအသင်းကစားသမား ဘတ်သ်မတ်




( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment