Powered by Blogger.

လာမယ့်ရာသီသစ်မှာ ကမ္ဘာ့အကောင်းဆုံးနည်းပြတွေ အပြိုင်ကြဲမယ့် ပရီးမီးယားလိဂ်



အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ လာမယ့် ဘောလုံးရာသီသစ်ကတော့ နာမည်ကျော်နည်းပြကြီးတွေ အပြိုင်ကြဲကြမယ့်အခြေအနေပါပဲ။

ချယ်လ်ဆီးအသင်းကတော့ အီတလီနည်းပြကွန်တီကို နည်းပြအဖြစ်ခန့်အပ်နိုင်ခဲ့အပြီးမှာ အကယ်လို့သာ မန်ယူအသင်းက မော်ရင်ဟိုကို နည်းပြအဖြစ် ခန့်အပ်နိုင်ခဲ့မယ်ဆိုရင်တော့ ပရီးမီးယားလိဂ်ကတော့ ကမ္ဘာ့အကောင်းဆုံးနည်းပြတွေ စုဝေးရာရပ်ကွက်တစ်ခုဖြစ်လာတော့မှာပါ။

နောက်ထပ်ရောက်လာနိုင်တဲ့နည်းပြတွေဖြစ်တဲ့ အန်ဆယ်လော့တီနဲ့ ဒီယေဂိုဆီမြွန်နီတို့ကတော့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ အက်သလက်တီကိုအသင်းတို့ကိုသာဆက်လက်ကိုင်တွယ်သွားတော့မှာ ဖြစ်တာကြောင့် ဂွာဒီယိုလာ ၊ ကွန်တီ ၊ မော်ရင်ဟို ၊ ယာဂန်ကလော့ပ်နဲ့ အာစင်ဝင်းဂါးစတဲ့ နည်းပြကြီးတွေဟာ သက်ဆိုင်ရာအသင်းတွေကို ပဲ့ထိန်းပြီး အားသွန်ခွန်စိုက်ယှဉ်ပြိုင်သွားရဖွယ်ရှိနေပါတယ်။

ပရီးမီးယားလိဂ်ဟာဆိုရင်တော့ ကမ္ဘာကျော်နည်းပြတွေအတွက် သတ်ကွင်းတစ်ခုလိုလည်းဖြစ်နေတာကြောင့် အင်္ဂလန်မြေကို ခြေချလာတဲ့နည်းပြတွေအနေနဲ့ မိမိတို့ကိုင်တွယ်မယ့်အသင်းတွေကို အကောင်းဆုံးကိုင်တွယ်နိုင်စေဖို့အတွက် ကစားသမားသစ်တွေ အားဖြည့်ခေါ်ယူသွားဖွယ်ရှိနေပါတယ်။ ဒါ့ကြောင့် ပရီးမီးယားလိဂ်ဟာ နှစ်စဉ်နှစ်မြဲချိုးနေကျ ပြောင်းရွှေ့ကြေးစုစုပေါင်း စံချိန်ကိုလည်း ဒီတစ်နှစ်မှာ ချိုးသွားနိုင်ခြေတွေ ရှိနေတယ်လို့ အားကစားကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။

ဒါ့အပြင် အင်္ဂလန်အသင်းတွေဟာ ဥရောပပြိုင်ပွဲကြီးတွေမှာ ဖျက်မြင်းအဆင့်သာသာရှိတော့တာကြောင့် ဥရောပအောင်မြင်မှုတွေ ဆွတ်ခူးထားနိုင်ခဲ့တဲ့နည်းပြသစ်တွေက ပရီးမီးယားလိဂ်ကလပ်တွေကို ဥရောပမှာရော အောင်မြင်အောင် စွမ်းဆောင်ပေးနိုင်မယ်လို့ ဘောလုံးပရိသတ်တွေက မျှော်လင့်နေကြပါတယ်။

ဒါ့ကြောင့် ရေခြားမြေခြားကနေ လာရောက်ပြီး နည်းပြနေတဲ့ နည်းပြကြီးတွေအနေနဲ့ အင်္ဂလန်ရဲ့ ပရီးမီးယားလိဂ်နဲ့ ကာလအတော်ကြာဝေးကွာနေတဲ့ ဥရောပအဆင့်အောင်မြင်မှုတွေကို တစ်ကျော့ပြန်ပြန်လည် ရယူပေးနိုင်မလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : AFP

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment