Powered by Blogger.

အသင်းသားတွေက ကိုယ်စိတ်နှလုံးအားလုံးကို ပေးဆပ်ပြီးကစားနေတာဖြစ်တယ်လို့ ရာနီရေးရီပြော


လက်စတာအသင်းက အိမ်ကွင်းမှာ ဆောက်သမ်တန်အသင်းကို ခက်ခက်ခဲခဲအနိုင်ယူခဲ့ပြီးတဲ့နောက်မှာ လက်စတာအသင်းနည်းပြ Ranieri (ရာနီရေးရီ)ကတော့ သူတို့အသင်းဟာ မှော်ဆန်တဲ့ ဘောလုံးရာသီတစ်ခုမှာ ဆက်သွားနေတာဖြစ်ပြီး ကစားသမားတွေက ကိုယ်စိတ်နှလုံးအလုံးစုံကို ပေးဆပ်ထားကြတယ်လို့ ပြောပါတယ်။

 စပါးအသင်းက လီဗာပူးလ်အသင်းနဲ့ သရေကျပြီး နှစ်မှတ်ဆုံးရှုံးသွားချိန်မှာ လက်စတာအသင်းက ဆောက်သမ်တန်အသင်းကို တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ကစားခဲ့လို့ စပါးအသင်းကို ခုနှစ်မှတ်အထိ ဖြတ်ချနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူဖို့ အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ခဲ့ပါတယ်။

လက်စတာအသင်းပိုင်ရှင် ဗီချိုင်းရဲ့ မွေးနေ့မှာ အခုလို ပြီးပြည့်စုံတဲ့နိုင်ပွဲတစ်ပွဲကို ဖော်ကြူးနိုင်ခဲ့တာဖြစ်ပြီး သူတို့ရဲ့ စိတ်ဓာတ်တွေကလည်း အမြင့်ဆုံးအနေအထားကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ လက်စတာအသင်းဟာဆိုရင်တော့ ခက်ခဲတဲ့နိုင်ပွဲတစ်ခုကို ရယူခဲ့ရတာဖြစ်ပြီး ဧည့်သည်ဆောက်သမ်တန်အသင်းကလည်း ပင်နယ်တီအခွင့်အရေးနှစ်ကြိမ်ကို ငြင်းပယ်ခံခဲ့ရတာကြောင့် လက်စတာအသင်းတို့ အသက်ရှူချောင်ခဲ့ရတာပါ။ နောက်ခံလူ မော်ဂန်ရဲ့ ၁၁ လအတွင်းမှာ ပထမဆုံးသွင်းဂိုးနဲ့အတူ မြေခွေးတို့ ပရီးမီးယားလိဂ် ချန်ပီယံဆု လက်တစ်ကမ်းအလိုကိုရောက်ရှိလာခဲ့တာပါ။

ဒီလိုအခြေအနေတွေကိုတော့ လက်စတာနည်းပြချုပ် ရာနီရေးရီက “ဒါကတော့ တကယ်ကို အရေးကြီးတဲ့အခိုက်အတန့်ပါပဲ။ ဒါက ပရီးမီးယားလိဂ်ကို အကောင်းဆုံးအဖြေပေးနိုင်ခဲ့တယ်လို့လည်း မြင်မိပါတယ်။ လူတိုင်းက စပါးနဲ့ လီဗာပူးလ်တို့ သရေကျအပြီးမှာ ကျွန်တော်တို့ကို စောင့်ကြည့်နေခဲ့ကြတာပါ။ ကျွန်တော်တို့ အကောင်းဆုံးအဖြေကို ပေးနိုင်ခဲ့တယ်။ ကျွန်တော်တို့ အရမ်းကို ရင်ခုန်စိတ်လှုပ်ရှားနေလားဆိုရင်တော့ No No No လို့ ပဲဖြေမိမှာပါ။ ကျွန်တော်တို့ အရမ်းတည်ငြိမ်နေပါတယ်”

“ ကျွန်တော်တို့ လုပ်နေတဲ့အလုပ်ဟာ ထိုက်တန်တဲ့ အရာတစ်ခုကိုတော့ ရရှိနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။ ဒါက မှော်ဝင်ရာသီတစ်ခုပဲ။ ကျွန်တော်တို့ နောက်ရာသီကတော့ ဒီလိုတူနိုင်မယ်မထင်ဘူး။ ကျွန်တော်တို့ အကောင်းဆုံးကို လုပ်နိုင်ဖို့ ကြိုးစားနေတာပဲ။ အသင်းကြီးတွေ သုံးဂိုး လေးဂိုး နိုင်ပွဲရဖို့မခက်ပါဘူး။ ကျွန်တော်တို့ကတော့ တစ်ဂိုးလောက်နဲ့ပဲ နိုင်အောင်လုပ်နိုင်တယ်။ ဒီလို ပုံမှန်နိုင်သွားရင် ကျွန်တော်တို့ အာရုံစိုက်ထားတဲ့ လမ်းကလည်း လက်ကမ်းကြိုနေမှာပဲ။ ကျွန်တော်တို့ ချန်ပီယံလိဂ်ဝင်ခွင့်တောင် ရတော့မယ်။ ဒါပေမယ့် လေး ၊ ငါး ၊ ခြောက်မှတ်လောက်ထပ်ရဖို့လည်း လိုနေပါသေးတယ်။ ”

“အရေးကြီးတာကတော့ ကျွန်တော်တို့ ပြိုင်ဘက်တွေကို ဘယ်လိုတုံ့ပြန်မယ်။ ဘယ်လိုကစားမယ်။ ဒါကျွန်တော်လိုချင်တာပဲ။ ကစားသမားတွေက ကျွန်တော့်အတွက်ဆိုရင်တော့ သူတို့ရဲ့ စိတ်နှလုံးတွေကိုတောင်ပေးထားတယ်။ ကျွန်တော်ပျော်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဆောက်သမ်တန်အသင်းနည်းပြ ရော်နယ်ကိုးမန်းကတော့ ဒန်နီဆင်ပဆင်ကို အနီကတ်တောင်ပြသင့်ပြီး ပင်နယ်တီပါပေးခဲ့သင့်တာလို့ ပြောကြားခဲ့ပြီး ဒိုင်ကို အပြစ်တင်ခဲ့ပါတယ်။ လက်စတာအသင်းကတော့ နောက်ဆုံးလက်ကျန်ပွဲတွေမှာ အကောင်းဆုံးကစားနိုင်မှသာ ချန်ပီယံဆုကို ရယူသွားနိုင်ဖွယ်ရှိနေပါတယ်။

လက်စတာအသင်းသာ ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင်တော့ အင်္ဂလန်ဘွတ်ကီဒိုင်တွေဟာလည်း ဒေါ်လာ ၁၇ သန်းလောက်အထိ လျော်ပေးရဖွယ်ရှိနေတယ်လို့လည်း ဆက်စပ်သတင်းတွေက ဖော်ပြခဲ့ပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Guardian

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment