Powered by Blogger.

ရီးရဲလ်ဘက်က ရော်နယ်ဒိုပါဝင်မလာမှုကို အခွင့်ကောင်းမယူနိုင်ခဲ့တဲ့ မန်စီးတီး


မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာတော့ မန်စီးတီးအသင်းက ဧည့်သည် ရီးရဲလ်အသင်းကို ကောင်းကောင်းဧည့်ခံနိုင်တဲ့ အနေအထားမှာရှိမနေခဲ့ဘဲ ဂိုးမရှိသရေကျခဲ့တာကိုတွေ့ရပါတယ်။ ရီးရဲလ်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ တိုက်စစ်မှူး ရော်နယ်ဒိုကတော့ ပွဲမစခင် ကြံ့ခိုင်မှုစစ်ဆေးခဲ့ရာမှာ ခြေထောက်ကြံ့ခိုင်မှု မပြည့်ဝသေးတာကြောင့် အသင်းဆရာဝန်က ယှဉ်ပြိုင်စေခိုင်းခြင်းမရှိဘဲ အနားပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါ့ကြောင့် ပွဲထွက်လူစာရင်းမှာ ရော်နယ်ဒိုတစ်ယောက်ပါဝင်မလာတာကို တွေ့ရပါတယ်။


ပွဲကြည့်စင်ပေါ်က ရော်နယ်ဒို


မန်စီးတီးအသင်းကတော့ ကွင်းလယ်လူ ယာယာတိုရေးကလွဲလို့ စတာလင်း ၊ ဆေးလ်ဗား ၊ ဒီဘရိုင်း ၊ နာဗတ်စ် ၊ ဖာနန်ဒင်ဟို ၊ အဂွဲရိုးနဲ့ ကွန်ပနီတို့ အစုံအလင်ပါဝင်လာခဲ့ပြီး ရီးရဲလ်အသင်းမှာ ရော်နယ်ဒို ပါဝင်လာခြင်းမရှိတာကြောင့် ဂါရတ်ဘေးလ် ၊ ဘန်ဇီမာ ၊ ဗတ်စ်ကေး ၊ မိုဒရစ် ၊ ကတ်စမဲရိုး ၊ တိုနီခရူးစ် စတဲ့ ကစားသမားတွေနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။

တစ်ပွဲလုံးမှာတော့ အိမ်ရှင် မန်စီးတီးအသင်းက အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ခဲ့တာမျိုးမရှိဘဲ ရီးရဲလ်အသင်းကသာ ဂိုးရလုနီးပါးအခြေအနေတွေ ရရှိခဲ့ပါတယ်။ ပထမပိုင်းတစ်ပိုင်းလုံးမှာတော့ မန်စီးတီးအသင်းရော ၊ ရီးရဲလ်အသင်းပါ ဂိုးသွင်းနိုင်တဲ့အခွင့်အရေးတွေကို မဖန်တီးနိုင်ခဲ့ပါဘူး။ ပထမပိုင်း မိနစ်လေးဆယ်မှာတော့ မန်စီးတီးကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗားဒဏ်ရာပြဿနာကြောင့် အိုင်ဟီယန်နာချိုနဲ့ လူစားခဲ့ရပါတယ်။



နာဗတ်စ်ရဲ့ ထိုးဖောက်ဟန်










ဒုတိယပိုင်းအရောက်မှာတော့ ရီးရဲလ်အသင်းကလည်း ကြံ့ခိုင်မှုမပြည့်ဝဖြစ်နေတဲ့ တိုက်စစ်မှူး ဘန်ဇီမာကို ဟယ်ဆေးနဲ့ လူစားလဲ့ပြီး တိုက်စစ်ပိုကောင်းလာတာကြောင့် ဂိုးရလုနီးနီး အခွင့်အရေးတွေကို ဖန်တီးနိုင်ခဲ့တာကို တွေ့ရပါတယ်။ ဒုတိယပိုင်းအစမှာတော့ အဂွဲရိုးရဲ့ အပြင်းကန်ချက်ဘားကျော်သွားခဲ့ပါတယ်။

ပွဲချိန် ၅၃ မိနစ်အရောက်မှာတော့ တိုနီကရူးစ်ရဲ့ ဒေါင့်ကန်ဘောကနေ တစ်ဆင့် ရာမို့စ်အပိုင်ခေါင်းတိုက်ခဲ့ပေမယ့် မန်စီးတီးဂိုးသမားဂျိုးဟတ် အမိဖမ်းနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုမပါဝင်ခဲ့ပေမယ့်လည်း ဂါရတ်ဘေးလ်က ရီးရဲလ်တိုက်စစ်ကို ဦးဆောင်ခဲ့ပြီး အကောင်းဆုံးဖိအားပေးကစားနိုင်ခဲ့တာကို တွေ့ရပါတယ်။

မိနစ် ၇၀ အရောက်မှာတော့ ကာဗာဟယ်လ်ရဲ့ ဖြတ်တင်ဘောကနေတစ်ဆင့် ဟယ်ဆေးခေါင်းတိုက်ခဲ့ပြီး ဘားတန်းမှန်ခဲ့လို့ ဦးဆောင်ဂိုးရမယ့်အခွင့်အရေးကို မက်ဒရစ်သားတို့ လက်လွတ်လိုက်ရပါတယ်။



ပီပီရဲ့ အပိုင်ကန်ချက်

 ပွဲချိန် ၇၈ မိနစ်မှာတော့ ကတ်စမဲရိုးရဲ့ ခေါင်းတိုက်ချက်ကို ဂျိုးဟတ်အပိုင်ကာကွယ်နိုင်ခဲ့ပြီး ၈၁ မိနစ်မှာ ဘေးလ်ရဲ့ ခေါင်းတိုက်ဘောကနေ  ကျလာတဲ့ ဘောလုံးကို ပီပီဂိုးသမားနဲ့ တစ်ယောက်ချင်းအပိုင်ကန်ခွင့်ရပေမယ့် ဂျိုးဟတ်ကပဲ ကာကွယ်နိုင်ခဲ့ပြန်ပါတယ်။



ဒီဘရိုင်းရဲ့ ကန်ချက်ကို ကေလာနာဗတ်စ်ပုတ်ထုတ်ကာကွယ်လိုက်စဉ်


မန်စီးတီးအသင်းကတော့ နာကျင်အချိန်ပိုမှာမှ ဒီဘရိုင်းရဲ့ ပြစ်ဒဏ်ဘောကန်ချက်ကနေ ဂိုးရလုဖြစ်ခဲ့ပေမယ့် ရီးရဲလ်ဂိုးသမား ကေလာနာဗတ်စ်က ပုတ်ထုတ်ကာကွယ်နိုင်ခဲ့တာကြောင့် ဂိုးမရှိသရေနဲ့ ပွဲပြီးဆုံးခဲ့ရတာဖြစ်ပါတယ်။ ဒီပွဲမှာတော့ မန်စီးတီးဂိုးသမား ဂျိုးဟတ်က အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။



( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment