Powered by Blogger.

မာရှယ်ရဲ့ နောက်ကျအနိုင်ဂိုးနဲ့ မန်ယူအသင်း အက်ဖ်အေဖလား ဖိုင်နယ်တက်ရောက်



မနေ့ညက ကစားခဲ့တဲ့ အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ မန်ယူအသင်းက အဲဗာတန်အသင်းကို အကြိတ်အနယ်ကစားခဲ့ရပြီး မန်ယူအသင်းက နှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့ပြီး အက်ဖ်အေဖလားဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

မန်ယူအသင်းဟာဆိုရင်တော့ အဲဗာတန်အသင်းကို Martial (မာရှယ်)ရဲ့နောက်ကျအနိုင်ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး အတော်လေးကို စိတ်ဝင်စားစရာကောင်းတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။

ဒီပွဲမှာတော့ မန်ယူအသင်းရဲ့ ပြင်သစ်သား မာရှယ်လ်က အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီး အဖွင့်ဂိုးကို ဖန်တီးပေးခဲ့သလို မန်ယူအသင်းအတွက် အသက်လို အရေးပါတဲ့ ဂိုးတစ်ဂိုးကိုလည်း သွင်းယူပေးနိုင်ခဲ့ပါတယ်။

ပွဲအပြီးတွင် မာရှယ်လ်ကို ချီးကျူးနေသည့် ဗန်ဟားလ်

ပွဲချိန် ငါးမိနစ်မှာပဲ အဲဗာတန်အသင်း ဂိုးသွင်းဖို့ အခွင့်အရေးရရှိခဲ့ပြီး လူကာကူရဲ့ ဂိုးသမား ဒီဂီယာကို လိမ်ခေါက်ကန်သွင်းယူခဲ့မှုကို ဂိုးစည်းပေါ်ကနေ ရွန်းနီက ခေါင်းတိုက်ရှင်းထုတ်ခဲ့လို့ အဲဗာတန်တို့ ဦးဆောင်ဂိုးရရှိမယ့် အခွင့်အရေးကောင်းတစ်ခု လက်လွတ်ခဲ့ရပါတယ်။

မန်ယူအသင်းရဲ့ ပထမပိုင်းကစားပုံဟာဆိုရင်တော့ အရင်နည်းပြဟောင်း ဖာဂူဆန်လက်ထက်က မန်ယူအသင်းရဲ့ ကစားပုံနဲ့ ခပ်ဆင်ဆင်တူခဲ့ပြီး ကစားသမားတွေရဲ့ နိုင်လိုစိတ်ပြင်းပြမှုတွေနဲ့ ဘောလုံးပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကို ပြသခဲ့တာကို တွေ့ရပါတယ်။

မန်ယူအသင်းက ပထမပိုင်း ၃၄ မိနစ်မှာ ဦးဆောင်ဂိုး စတင်ရခဲ့ပြီး ဒီဂိုးကိုတော့ မာရှယ်လ်ရဲ့ ဖြတ်ပို့မှုကနေ ဖယ်လိုင်နီက အနီးကပ်ပိတ်သွင်းယူခဲ့တာပါ။ ဒုတိယပိုင်းအရောက်မှာတော့ အဲဗာတန်တို့ ချေပဂိုးရရှိဖို့ ဖိအားပေးကစားခဲ့တာကို တွေ့ရပါတယ်။

လူကာကူရဲ့ပင်နယ်တီကို ဒီဂီယာ ကာကွယ်လိုက်စဉ်

ဒါ့ကြောင့် ပွဲချိန် ၅၅ မိနစ်မှာ အဲဗာတန်တို့ ပင်နယ်တီရရှိခဲ့ပြီး တိုက်စစ်မှူး လူကာကူက ကန်သွင်းခဲ့ပါတယ်။ လူကာကူဟာ ဂိုးသမားဒီဂီယာရဲ့ ညာဘက်အောက်ထောင့်ကို အပြင်းကန်သွင်းခဲ့တာဖြစ်ပြီး ဒီဂီယာရဲ့ ဒိုင်ဗင်ပစ်ပုံ သေသပ်ခဲ့တာကြောင့် ကာကွယ်နိုင်ခဲ့ပြီး အဲဗာတန်တို့ ဂိုးမရခဲ့ပါဘူး။ ဒီပွဲအပြီးမှာတော့ အဲဗာတန်တိုက်စစ်မှူး လူကာကူ အတော်လေးကို ရှော့ခ်ရပြီး ကျန်ခဲ့လောက်ပါတယ်။

ပွဲချိန် ၇၅ မိနစ်အရောက်မှာတော့ မန်ယူနောက်ခံလူစမောလင်း ဘောလုံးကို လိုက်ဖျက်ထုတ်ရင်း ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့လို့ အဲဗာတန်တို့ ချေပဂိုးရခဲ့ပါတယ်။ အဲ့လိုနဲ့ တစ်ဂိုးစီသရေပွဲပြီးပြီလို့ ထင်နေကြတဲ့ ပွဲချိန် ၉၃ မိနစ်မှာတော့ မန်ယူတိုက်စစ်မှူး မာရှယ်လ်က အဲဗာတန်ခံစစ်ကစားသမားတွေရဲ့ အမှားကို အခွင့်ကောင်းယူပြီး ကန်သွင်းခဲ့တာကြောင့် အဲဗာတန်တို့ အသည်းကွဲခဲ့ရပါတယ်။

ဒီပွဲအနိုင်ကြောင့် မန်ယူအသင်းဟာ အက်ဖ်အေဖလားဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပြီး နည်းပြ ဗန်ဟားလ်အတွက်တော့ ဖိအားတွေ လျော့ခဲ့ရပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment