Powered by Blogger.

လီဗာပူးလ် မန်ယူကို သက်တောင့်သက်သာအနိုင်ရပြီး ဒေါ့မွန်ကို စပါးဂိုးပြတ်ရှုံး


မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပွဲစဉ်တွေမှာတော့ မန်ယူအသင်းနဲ့ စပါးအသင်းတို့ ရှုံးပွဲကြုံတွေ့ခဲ့ပြီး နောက်တစ်ကျော့မှာ ရုန်းကန်ရဖို့ အခြေအနေတွေ ဖြစ်သွားခဲ့ပါတယ်။ လီဗာပူးလ် ၊ဒေါ့မွန်နဲ့ အက်သလက်တီကိုတို့ကတော့ အိမ်ကွင်းမှာ နိုင်ပွဲကိုယ်စီရပြီး အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပါတယ်။


လီဗာပူးလ် ၂-၀ မန်ယူ

အင်္ဂလန်ဒါဘီလို့ လူသိများတဲ့ လီဗာပူးလ်အသင်းနဲ့ မန်ယူတို့ဟာဆိုရင်တော့ ဥရောပပြိုင်ပွဲတစ်ခုအဖြစ် ပြန်ပြီး ရင်ဆိုင်ရချိန်မှာလည်း ပရိသတ်တွေကို အကောင်းဆုံးကစားပြနိုင်ခဲ့ပြီး နည်းပြယာဂန်ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းက အလွယ်တကူနိုင်ပွဲရပြီး နှစ်ဂိုး ဂိုးမရှိဆိုတဲ့ရလဒ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။



မန်ယူအသင်းမှာ ဖယ်လိုင်နီ ၊ ရှနိုက်ဒါလင် ၊ မာတာ ၊ ဒီပိုင်း ၊ ရက်ရှ်ဖို့ဒ် ၊ ဗာရယ်လာ စတဲ့ ကစားသမားတွေနဲ့ ပွဲထွက်ခဲ့ပြီး လီဗာပူးလ်ကတော့ ကလိုင်း ၊ စတာရစ်ခ်ျ ၊ ဖာမီနို ၊ ကော်တင်ဟို ၊ မောရီနို ၊ လယ်လာနာ စတဲ့ ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပါတယ်။

ဒီပွဲမှာတော့ မန်ယူဂိုးသမား ဒီဂီယာ အထူးလက်စွမ်းပြခဲ့လို့ နှစ်ဂိုးလောက်နဲ့သာ ရှုံးနိမ်ခဲ့တာလည်း ဖြစ်ပါတယ်။ ပထမပိုင်း မိနစ် ၂၀ မှာတင်ပဲ ပင်နယ်တီ ဧရိယာအစပ်မှာ ကလိုင်းကို ဒီပိုင်းဆွဲလှဲခဲ့လို့ ပင်နယ်တီပေးခဲ့ရပါတယ်။ စတာရစ်ခ်ျက ဒီပင်နယ်တီကို ကန်သွင်းခဲ့ပြီး ဒီဂီယာ ဒိုင်ဗင်ပစ်ချက်ကောင်းပေမယ့် ဘောလုံးကတော့ ဂိုးပိုက်နဲ့ မိတ်ဆက်သွားခဲ့ပါတယ်။


လယ်လာနာ ၊ ကော်တင်ဟိုနဲ့ စတာရစ်ခ်ျတို့ရဲ့ အပိုင်ကန်ချက်တွေကို ဂိုးသမားဒီဂီယာက ကာကွယ်ခဲ့နိုင်ခဲ့တာကြောင့် လီဗာပူးလ်တို့ ပထမပိုင်းမှာ တစ်ဂိုးတည်းနဲ့ပဲ ဦးဆောင်နေခဲ့ပါတယ်။ နောက်ထပ်အနိုင်ဂိုးတစ်ဂိုးကိုတော့ ပွဲချိန် ၇၃ မိနစ်မှာ ဖာမီနိုက လယ်လာနာရဲ့ ဖန်တီးပေးမှုကနေ အနီးကပ်ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။











ဒေါ့မွန် ၃-၀ စပါး

စပါးတို့ကတော့ အင်္ဂလန်မှာ အကောင်းဆုံးခြေစွမ်းပြနေပေမယ့် ဥရောပ ရောက်တော့ မြင်းပေါက်သာသာဖြစ်သွားပါတယ်။ ဒေါ့မွန်အသင်းနဲ့ ဂျာမန်မြေမှာ သွားကစားရတဲ့ အချိန်မှာတော့ ကလေးနဲ့ လူကြီးကစားနေသလို အပုံကြီးကွာသွားပါတယ်။ ဘောလုံးပိုင်ဆိုင်မှုက ဒေါ့မွန်က ၆၆ စပါးက ၃၄ ပါ။ ဒီလိုမျိုး ဘောလုံးပိုင်ဆိုင်မှုမှာ ဒီလိုဂိုးရလဒ်ထွက်လာတာကတော့ စပါးဂိုးသမားဟူဂိုလိုရစ်ရဲ့ လက်စွမ်းပြမှုကြောင့် ဖြစ်ပါတယ်။



 
အမ်ခီတာရန် ၊ အော်ဘာမီယန်းနဲ့  မာကိုရူးစ်တို့ရဲ့ တိုက်စစ်ကို စပါးခံစစ်တွေ တိုင်ပတ်နေခဲ့ပြီး စပါးအသင်းရဲ့ တိုက်စစ်ကလည်း ကွင်းတစ်ခြမ်းလုံးမှာပဲ အချိန်ကုန်နေခဲ့တယ်။ ဒေါ့မွန်အသင်းအတွက်ဂိုးတွေကိုတော့ ပွဲချိန် မိနစ် ၃၀ မှာ အော်ဘာမီယန်းက ခေါင်းတိုက်သွင်းယူခဲ့ပြီး အနိုင်သေချာစေမယ့် ဂိုးတွေကိုတော့ မာကိုရူးစ်က ပွဲချိန် ၆၁ မိနစ်နဲ့ မိနစ် ၇၀ တို့မှာ သွင်းယူသွားခဲ့တာဖြစ်ပါတယ်။



( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : UEFA , DailyMail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment