Powered by Blogger.

အက်ဖ်အေဖလားမှာ အာဆင်နယ် ၊ ချန်ပီယံလိဂ်မှာ ရီးရဲလ်တို့ နောက်တစ်ဆင့်တက်ရောက်




မနေ့ညက ကစားခဲ့တဲ့ အက်ဖ်အေဖလား ပြန်ကန်ပွဲစဉ်မှာတော့ အာဆင်နယ်အသင်းက ဟားလ်စီးတီးအသင်းကို လေးဂိုးပြတ်အနိုင်ရခဲ့သလို ချန်ပီယံလိဂ်မှာလည် ရီးရဲလ်မက်ဒရစ်က ရိုးမားအသင်းကို နှစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး သက်ဆိုင်ရာဖလားပြိုင်ပွဲတွေရဲ့ နောက်တစ်ဆင့်စီကို တက်ရောက်နိုင်ခဲ့ကြပါတယ်။

 
ဟားလ်စီးတီး ၀-၄ အာဆင်နယ်

အာဆင်နယ်အသင်းကတော့ ကမ်းဘဲလ် ၊ အိုင်ဝိုဘီ ၊ ဖလာမီနီ ၊ အယ်နန်နီနဲ့ ချိန်ဘာ့စ်တို့ကို ထည့်ကစားခဲ့ပြီး ဆန်းချက် ၊ အိုဇေးလ် ၊ ဘယ်လာရင်နဲ့ ရမ်ဆေးတို့ကို အနားပေးခဲ့ပါတယ်။ အာဆင်နယ်အသင်းကတော့ သူတို့ရဲ့ အဓိက ကစားသမားတွေကို အနားပေးထားခဲ့ပေမယ့်လည်း ဟားလ်စီးတီး ခံစစ်ကြောင်းကို အတော်လေးကို ခြိမ်းခြောက်နိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။

ပထမပိုင်းမှာတော့ နှစ်သင်းလုံး အပြန်အလှန်ကစားခဲ့ကြပြီး ဟားလ်စီးတီး နောက်တန်းလူပေးမှားရာကနေ တိုက်စစ်မှူး ဂီရော့ဒ်က မြေလိမ့်ဘောသွင်းယူပြီး ပွဲချိန် ၄၁ မိနစ်မှာ ဦးဆောင်ဂိုးကို ရယူပေးခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲချိန် ၇၁ မိနစ်မှာတော့ တောင်ပံက ဝဲလ်ကော့တ်ရဲ့ ပေးပို့မှုကနေ ဂီရော့ဒ်က မြေမကျကန်သွင်းခဲ့ပြီး အာဆင်နယ်အတွက် ဒုတိယဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဒုတိယဂိုးရပြီး မကြာခင်မှာပဲ ဝဲလ်ကော့တ်က ဂျိုယယ်လ်ကမ်းဘဲလ်ရဲ့ ပေးပို့မှုကနေ တတိယဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ပွဲသိမ်းဂိုးကိုလည်း ဝဲလ်ကော့တ်ကပဲ ကန်သွင်းခဲ့ပြီး အက်ဖ်အေဖလားမှာ အစဉ်အလာကြီးမားတဲ့ အာဆင်နယ်အသင်းကတော့ နောက်တစ်ဆင့်ကိုတက်ရောက် သွားနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒီပွဲမှာ ဂါဘရီရယ်လ် ၊ မာတီဆက်ကာနဲ့ လူစားဝင်ကစားသမား ရမ်ဆေးတို့ ဒဏ်ရာတွေ ရခဲ့တာကြောင့် အာစင်ဝင်းဂါးအတွက်တော့ အကျပ်ရိုက်စရာ ကိစ္စတွေလည်း ဖြစ်ခဲ့ပါတယ်။
 


ရီးရဲလ်မက်ဒရစ် ၂-၀ ရိုးမား

နောက်ပိုင်းမှာ ခြေစွမ်းပြန်မှန်လာပြီး နိုင်ပွဲဆက်နေတဲ့ ရီးရဲလ်အသင်းကတော့ ရိုးမားအသင်းကို အိမ်ကွင်းမှာ သက်တောင့်သက်သာကစားပြီး ဧည့်ခံပေးခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ သူ့ရဲ့ ဂိုး ၉၀ မြောက် ချန်ပီယံလိဂ်သွင်းဂိုးကို သွင်းယူပေးခဲ့ပြီး ဂိုး ၁၀၀ ပြည့်ကို မကြာခင် ကာလတွေမှာ မြင်ရတော့မယ်လို့ မီဒီယာတွေက ဆိုပါတယ်။

ရိုးမားတိုက်စစ်မှူး ဒီဇီကိုရဲ့ အပိုင်အခွင့်အရေးတွေကို အသုံးမချနိုင်တာကြောင့်လည်း အခုလိုရလဒ် ထွက်ပေါ်ခဲ့ရတာဖြစ်ပါတယ်။ ပထမပိုင်းမှာ နှစ်သင်းလုံး အပြန်အလှန်ကစားနိုင်ခဲ့ကြပြီး ဂိုးတွေကိုတော့ မမြင်ခဲ့ရပါဘူး။ ဂိုးတွေကိုတော့ ဒုတိယပိုင်းရောက်မှ သွင်းယူခဲ့တာဖြစ်ပြီး ရော်နယ်ဒိုက ဗက်ဇ်ကေးရဲ့ ချပေးမှုကို အနီးကပ်ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒုတိယဂိုးကိုတော့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်က ရော်နယ်ဒိုရဲ့ ပေးပို့မှုကနေ ထောင့်ဖြတ်ကန်သွင်းခဲ့လို့ နှစ်ကျော့ပေါင်း လေးဂိုးဂိုးမရှိနဲ့ ရိုးမားကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကိုတက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : UEFA , BBC



Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment