ချန်ပီယံလိဂ်ကို အစားထိုးနိုင်မယ့် ဥရောပစူပါလိဂ်ကြီးတစ်ခုကို တည်ထောင်ရန် စီစဉ်နေ
မန်ယူ ၊ ချယ်လ်ဆီး ၊ အာဆင်နယ် ၊ မန်စီးတီး ၊ လီဗာပူးလ်စတဲ့အင်္ဂလန်အသင်းတွေရဲ့ အမှုဆောင်ချုပ်တွေဟာဆိုရင်တော့ အမေရိကန်ဘီလျံနာတစ်ယောက်ဖြစ်တဲ့ စတီဖင်ရော့စ်နဲ့အတူ လန်ဒန်မြို့ ဒေါ်ချက်စတာဟိုတယ်မှာ အင်္ဂါနေ့တုန်းက ဥရောပစူပါလိဂ်တစ်ခုကို တည်ထောင်နိုင်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
မန်ယူအသင်းအမှုဆောင်ချုပ် အက်ဝုဒ်ဝက် ၊ ချယ်လ်ဆီးအသင်းဥက္ကဋ္ဌ လုရုစ်ဘက်ခ် ၊ အာဆင်နယ် အမှုဆောင်ချုပ် အီဗန်ဂါဇီဒစ် ၊ မန်စီးတီး အမှုဆောင်ချုပ် ဆိုရီယာနိုနဲ့ လီဗာပူးလ်ရဲ့ အမှုဆောင်ချုပ်ဖြစ်တဲ့ အီယန်အေရီတို့ဟာဆိုရင်တော့ ဒီအစည်းအဝေးမှာ ပါဝင်ဆွေးနွေးခဲ့ကြပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ ဟိုတယ်ထဲကနေ ပြန်ထွက်ခွာလာတာကို တွေ့ရှိခဲ့ရပါတယ်။
အမေရိကန်ဘီလျံနာ ရော့စ်ရဲ့ရည်မှန်းချက်ကတော့ အင်္ဂလန်အသင်းတွေကို UEFA ရဲ့ ချန်ပီယံလိဂ်ရဲ့ လောင်းရိပ်အောက်ကနေ ဖောက်ထွက်ပြီး သီးသန့်စူပါပြိုင်ပွဲတစ်ခုကို ကျင်းပပေးဖို့ဖြစ်ပါတယ်။ ရော့စ်ဟာဆိုရင်တော့ ဘေ့စ်ဘောအသင်းတစ်သင်းဖြစ်တဲ့ မိုင်ယာမီဒေါလ်ဖင်းန်အသင်းရဲ့ ပိုင်ရှင်တစ်ယောက်ဖြစ်ပြီး ဘောလုံးရာသီမစခင်မှာ ဥရောပဘောလုံး အသင်းကြီးငါးသင်းကို အမေရိကန်မြေမှာ အမြဲဖိတ်ခေါ်ကစားလေ့ရှိတဲ့ ICC ဖလားရဲ့ စီစဉ်သူလည်းဖြစ်ပါတယ်။
အင်္ဂလန်အသင်းတွေဟာ နောက်ပိုင်းနှစ်တွေမှာ ချန်ပီယံလိဂ်မှာ ပွဲမတိုးတော့ရင် ဆုံးရှုံးငွေတွေများပြားတာကြောင့် အနည်းဆုံးပေါင်သန်းဆယ်ချီရရှိနိုင်မယ့် ပြိုင်ပွဲတစ်ခုကို ကျင်းပတော့မယ်ဆိုတဲ့ အချိန်မှာတော့ ကလပ်အသင်းတွေအနေနဲ့ တက်တက်ကြွကြွပါဝင်လာဖွယ်ရှိနေတာပါ။ ဝင်ရောက်ယှဉ်ပြိုင်တာနဲ့ ပေါင်ငါးသန်းရရှိမယ့်အပြင် ၊ ချန်ပီယံဖြစ်ခဲ့ရင်လည်း ဆုကြေးတင် ပေါင်သန်းငါးဆယ်အထိ ချီးမြှင့်သွားဖို့ စီစဉ်ထားတယ်လို့လည်း Mirror က ဖော်ပြပါတယ်။
လောလောဆယ်မှာတော့ အင်္ဂလန်ထိပ်သီးအသင်းတွေနဲ့သာ ဆွေးနွေးနေသေးပြီး နောက်ပိုင်းကျရင်တော့ ဥရောပက အသင်းကြီးတွေကိုပါ ခေါ်ယူဆွေးနွေးဖွယ်ရှိနေပါတယ်။ အကယ်လို့ ဒီရဲ့ ဥရောပစူပါလိဂ်သာ အမှန်တကယ်ဖြစ်လာမယ်ဆိုရင်တော့ UEFA က ကြီးမှူးကျင်းပနေတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးဟာ ပျောက်ကွယ်သွားဖွယ်ရှိပြီး သူဋ္ဌေးအသင်းတွေအတွက်သာ အကျိုးအမြတ်ရအုံးမယ့် ပြိုင်ပွဲတစ်ခုဖြစ်လာမှာ ဖြစ်တာကြောင့် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
( Paing A K )
#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : The Sun , Mirror
0 comments :
Post a Comment