မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတော့ မန်ယူအသင်းရဲ့ နိုင်ပွဲဆက်မှုကတော့ ရပ်တန့်ခဲ့ပြီး လီဗာပူးလ်အသင်းနဲ့ လက်စတာအသင်းတို့ကတော့ အနိုင်သုံးမှတ်စီ ရယူနိုင်ခဲ့ကြပါတယ်။
ဂိုးသွင်းယူနေတဲ့ ရွန်ဒွန် |
ဝက်စ်ဘရွန်း ၁-၀ မန်ယူ
မန်ယူအသင်းကတော့ နောက်တန်းကစားသမားအစုံအလင် ပြန်ပါဝင်လာခဲ့ပြီး ရှေ့တန်းမှာတော့ ရက်ရှ်ဖို့ဒ်ကိုပဲ အထောင်ထားကစားခဲ့ပါတယ်။ မန်ယူအသင်းကတော့ ပထမပိုင်းမှာ ပိုပြီးဖိအားပေးကစားနိုင်ခဲ့ပေမယ့်လည်း ကွင်းလယ်လူမာတာက ပွဲချိန် ၂၆ မိနစ်မှာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် ဝက်စ်ဘရွန်းအသင်းက ပြန်ပြီး ဖိအားပေးလာခဲ့ပါတယ်။ ဝက်စ်ဘရွန်းအသင်း တိုက်စစ်ဆင်ကစားလာတာကြောင့် မန်ယူအသင်းကတော့ နောက်တန်းကို အနည်းငယ်အာရုံစိုက်ထားခဲ့ရပြီး ကွင်းလယ်နဲ့ တိုက်စစ်ခါးဆက်ပြတ်နေခဲ့ပါတယ်။
မာတာ အနီကတ်အပြခံလိုက်ရစဉ် |
ဝက်စ်ဘရွန်းအသင်းအတွက် အနိုင်ဂိုးကိုတော့ ခြေစွမ်းပြနေတဲ့တိုက်စစ်မှူး ရွန်ဒွန်က ပွဲချိန် ၆၆ မိနစ်မှာ ကန်သွင်းယူခဲ့ပါတယ်။ မန်ယူအသင်းကတော့ ရှနိုက်ဒါလင် ၊ ဒီပိုင်းနဲ့ ဖိုဆူမန်ဆာတို့ကို ထည့်သွင်းပြီး တိုက်စစ်မြှင့်ကစားခဲ့ပေမယ့်လည်း ချေပဂိုးကို မရရှိခဲ့ပါဘူး။ ဒါ့ကြောင့် ဝက်ဘရွန်းကွင်းကနေ မန်ယူတို့ လက်ဗလာနဲ့ အိမ်ပြန်ခဲ့ရပါတယ်။
ဖာမီနို လီဗာပူးလ်အတွက် ချေပဂိုးသွင်းယူနေစဉ် |
လီဗာပူလ်းအသင်းနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ တစ်ဖက်နဲ့ တစ်ဖက် အကြိတ်အနယ်ကစားခဲ့ကြပြီး ဘန်တီကီရဲ့ နောက်ကျပင်နယ်တီဂိုးနဲ့ လီဗာပူးလ်အသင်းက အနိုင်ရခဲ့ပါတယ်။
ဘန်တီရဲ့ နောက်ကျ ပင်နယ်တီဂိုး |
ခရစ္စတယ်ပဲလေ့စ်ရဲ့ ဦးဆောင်ဂိုးကိုတော့ ဒုတိယပိုင်း ၄၈ မိနစ်အရောက်မှာ လျှံထွက်လာတဲ့ ဘောလုံးက လက်ဒလေက ကန်သွင်းပြီး ရယူပေးခဲ့တာပါ။ လီဗာပူးလ်ကွင်းလယ်လူ မီလ်နာကတော့ ပွဲချိန် ၆၂ မိနစ်မှာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပြီး တစ်ယောက်လျော့အနေအထားနဲ့ လီဗာပူးလ်အသင်း ကစားခဲ့ရပါတယ်။
ဒါပေမယ့်လည်း ကစားပုံပျက်မသွားဘဲ အကောင်းဆုံး တုံ့ပြန်ကစားနိုင်ခဲ့ပြီး ပဲလေ့စ်ဂိုးသမား မက်ကာသီရဲ့ လူပေးမှားမှုကနေ ဖာမီနိုက လီဗာပူးလ်အတွက် ပြန်လည် ချေပခဲ့ပါတယ်။ ပွဲပြီးခါနီး ၈၆ မိနစ်လောက်မှာ ကြိုးကြာနီနောက်ခံလူ မော်ရီနိုရဲ့ ကန်ချက်ကောင်း တိုင်ထိထွက်ခဲ့ပါတယ်။ နာကျင်အချိန်ပိုအရောက်မှာတော့ ပဲလေ့စ်နောက်ခံလူ ဒီလာနေ ဘန်တီကီကို ဖျက်ထုတ်ပုံမသေသပ်လို့ လီဗာပူးလ်တို့ပင်နယ်တီရခဲ့ပြီး ဘန်တီကီကပဲ အမှားအယွင်းမရှိကန်သွင်းယူခဲ့ပါတယ်။ ဒီပင်နယ်တီကိုတော့ ပဲလေ့စ်နည်းပြ အလန်ပါဂျူးက ဒေါသတစ်ကြီး ဝေဖန်မှုတွေပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
အောင်ပွဲခံနေတဲ့ မာရက်ဇ်နဲ့ လက်စတာအသင်းသားများ |
လက်စတာအသင်းကတော့ မနှစ်က ဒီလိုအချိန်မှာ ဇယားအောက်ဆုံးကို ရောက်ရှိနေခဲ့ပေမယ့်လည်း ဒီရာသီမှာတော့ အခုလိုနိုင်ပွဲကြောင့် စပါးအသင်းကို ငါးမှတ်ဖြတ်ပြီး ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံးကို ရောက်ရှိနေခဲ့ပါတယ်။ ဒီပွဲမှာတော့ အကောင်းဆုံးခြေစွမ်းပြနေတဲ့ ကွင်းလယ်ကစားသမား မာရက်ဇ်က တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၅၆ မိနစ်မှာ သွင်းယူခဲ့တာပါ။
ဒီပွဲမှာတော့ မာရက်ဇ် အနည်းငယ်ဒဏ်ရာရသွားပေမယ့်လည်း စိုးရိမ်ဖွယ်မရှိဘူးလို့လည်း သိရပါတယ်။ ဝက်ဖို့ဒ်အသင်းကတော့ နှစ်ပွဲဆက် ရှုံးနိမ့်မှုကို ကြုံတွေ့ခဲ့ရပြီး တိုက်စစ်အတွဲ ဒန်းနီနဲ့ အီဂါလိုတို့လည်း ဂိုးမသွင်းနိုင်တာ ကာလအတော်ကြာခဲ့ပြီဖြစ်ပါတယ်။
( Paing A K )
#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : BBC
0 comments :
Post a Comment