Powered by Blogger.

နယ်သာလန် ၊ အေဂျက်စ်နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ဂန္တဝင်ကစားသမားကြီး ယိုဟန်ခရိုက်ဖ်ကွယ်လွန်



နယ်သာလန် ၊ အေဂျက်စ်နဲ့ ဘာစီလိုနာတို့ရဲ့ ဂန္တဝင်ကစားသမားကြီးဖြစ်တဲ့အပြင် သမိုင်းဝင် ဘာစီလိုနာနည်းပြတစ်ယောက်အဖြစ်လည်း ရပ်တည်ခဲ့တဲ့ Johan Cruyff (ယိုဟန်ခရိုက်ဖ်)ကတော့ ဘာစီလိုနာမြို့မှာ အဆုတ်ကင်ဆာဝေဒနာကို ခုခံရင်းနဲ့ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ ကစားသမားဘဝမှာ အေဂျက်စ် ၊ဘာစီလိုနာနဲ့ နယ်သာလန်အသင်းတွေမှာ လျှမ်းလျှမ်းတောက် ခြေစွမ်းပြခဲ့တဲ့ ယိုဟန်ဟာ အဆုတ်ကင်ဆာဝေဒနာကို ပြီးခဲ့တဲ့ အောက်တိုဘာလတည်းက စတင်ခံစားခဲ့ရတာဖြစ်ပါတယ်။

ယိုဟန်ခရိုက်ဖ်ဟာဆိုရင်တော့ ကစားသမားဘဝမှာတင်မကပဲ နည်းပြဘဝမှာလည်း ဘောလုံးလောကကို အကြိမ်ကြိမ် ကိုင်လှုပ်နိုင်ခဲ့ပြီး ဘောလုံးလောကအတွက်တော့ အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှုကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာတော့ ခရိုက်ဖ်ဟာ အသက် ၆၈ နှစ်ရှိနေပြီဖြစ်ပြီး မနေ့ညလောက်က ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။

ကစားသမားဘဝမှာတော့ အေဂျက်စ်အသင်းနဲ့အတူ ဥရောပဆုဖလားသုံးလုံးအပါအဝင် နယ်သာလန်ချန်ပီယံဆုကို ရှစ်ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အေဂျက်စ်အသင်းမှာတော့ ၁၉၆၄ ကနေ ၁၉၇၃ ခုနှစ်အတွင်း ပွဲပေါင်း ၂၄၀ အထိကစားခဲ့ပြီး ဂိုး ၁၉၀ အထိသွင်းယူနိုင်ခဲ့သူပါ။ ခရိုက်ဖ်ဟာ ၁၉၇၃ ခုနှစ်မှာတော့ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ကစားခဲ့ပြီး ၁၉၇၈ အထိ ပွဲပေါင်း ၁၄၃ ပွဲကစားပြီး ၄၈ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ကစားသမားဖြစ်ခဲ့ပြီး တစ်ဦးချင်းအောင်မြင်မှုတွေကို ရယူနိုင်ခဲ့ပါတယ်။


ဘာစီလိုနာ ကစားသမားဘဝ

ခရိုက်ဖ်ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို သုံးကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့ပြီး ၁၉၇၁ ၊ ၁၉၇၃ နဲ့ ၁၉၇၄ တို့မှာ ရရှိခဲ့တာဖြစ်ပါတယ်။ နယ်သာလန်အသင်းမှာတော့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး ၄၈ ပွဲကစား ၃၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ ၁၉၇၄ ကမ္ဘာ့ဖလားမှာ နယ်သာလန်အသင်းကို ဒုတိယနေရာအထိ ရောက်ရှိအောင် စွမ်းဆောင်ကစားပေးနိုင်ခဲ့ပါတယ်။

ယိုဟန်ခရိုက်ဖ်ဟာဆိုရင်တော့ တောင်ပံကနေ တိုက်စစ်ပိုင်းကို ထိုးဖောက်ရာမှာ ရာစုနှစ်ကြောက်စရာအကောင်းဆုံး ကစားသမားအဖြစ်သတ်မှတ်ခံထားရသူပါ။ ဒါ့ကြောင့် အေဂျက်စ်အသင်းကို နည်းပြအဖြစ် တာဝန်ယူစဉ်မှာတော့ ဒင်းနစ်ဘားကမ့်လို ကစားသမားကောင်းတွေကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ ဥရောပဆိုင်ရာအောင်မြင်မှုတွေနဲ့ နယ်သာလန်ပြည်တွင်းဖလားတွေကိုလည်း အေဂျက်စ်နည်းပြဘဝမှာ အရယူပေးနိုင်ခဲ့ပါတယ်။

အောင်မြင်မှုတွေရခဲ့တဲ့ ဘာစီလိုနာနည်းပြအဖြစ်တွေ့ရသည့် ယိုဟန်ခရိုက်ဖ်

နောက်ပိုင်းမှာတော့ ဘာစီလိုနာအသင်းကို ၁၃ နှစ်ကြာကိုင်တွယ်ခဲ့ပြီး ဥရောပဖလား (ယခုချန်ပီယံလိဂ်ဖလား) အပါအဝင် ဖလား ၁၁ လုံးအထိ ရယူပေးနိုင်ခဲ့ပြီး ဘာစီလိုနာရဲ့ သမိုင်းဝင်နည်းပြကောင်းတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ တပည့်ဖြစ်သူ ဂွာဒီယိုလာက ဖလား ၁၅ လုံးအထိ ရယူပေးနိုင်ခဲ့ပြီး ခရိုက်ဖ်ရဲ့ စံချိန်ကို ရိုက်ချိုးခဲ့ပါတယ်။

ခရိုက်ဖ်ဟာနောက်ပိုင်းကာလတွေမှာတော့ အသက်အရွယ်ကြောင့် ဘောလုံးလောကရဲ့ သြဇာရှိပုဂ္ဂိုလ်တစ်ယောက်အနေနဲ့သာ ရပ်တည်ခဲ့ပြီး ၂၀၁၆ ခုနှစ် မတ်လ ၂၄ ရက်နေ့မှာတော့ အဆုတ်ကင်ဆာရောဂါကို အသည်းအသန်ခံစားခဲ့ရပြီး ကွယ်လွန်ခဲ့ပါတယ်။ မှတ်သားစရာတစ်ခုအနေနဲ့တော့ သူဟာ ကတ်တလန်ကို ချစ်မြတ်နိုးသူတစ်ယောက်ဖြစ်တာကြောင့် သားဖြစ်သူရဲ့ နာမည်ကိုတောင် ကတ်တလန်အမည် “Jordi” ကို ထည့်သွင်းပြီး Jordi Cruyff လို့ အမည်ပေးခဲ့တယ်လို့လည်း သိရပါတယ်။ 



( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : DailyMaik , Wikipedia




Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment