Powered by Blogger.

တူရင်သားတွေကို အသည်းအသန်ဖြုတ်ချခဲ့ရတဲ့ ဘိုင်ယန် ၊ ဂန်းနားတွေကို သက်တောင့်သက်သာအနိုင်ရခဲ့တဲ့ ဘာစီလိုနာ





မနေ့ညက ကစားခဲ့ကြတဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွေမှာတော့ ဘာစီလိုနာအသင်းက အာဆင်နယ်အသင်းကို သုံးဂိုးတစ်ဂိုး ၊ ဘိုင်ယန်မြူးနစ်အသင်းက ဂျူဗင်တပ်အသင်းကို လေးဂိုး နှစ်ဂိုးနဲ့ အနိုင်ရခဲ့ကြပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ကြပြီဖြစ်ပါတယ်။

 

နေမာရဲ့ ဗွေဆော်ဦးဂိုး

ဘာစီလိုနာ ၃-၁ အာဆင်နယ်

ဘာစီလိုနာအသင်းကတော့ ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ကစားခဲ့ပြီး အာဆင်နယ်အသင်းကို သက်တောင့်သက်သာအနိုင်ရခဲ့ပါတယ်။ ဘာစီလိုနာရဲ့ MSN တိုက်စစ်အတွဲက အာဆင်နယ်ကို ပထမအကျော့တုန်းကလိုပဲ ဒုက္ခပေးခဲ့ပါတယ်။ ပထမပိုင်းမှာတော့ နှစ်သင်းလုံး အပြန်အလှန်ဂိုးသွင်းခွင့်တွေရအောင် ဖန်တီးယူနိုင်ခဲ့ကြပါတယ်။





အယ်လ်နန်နီရဲ့ အကောင်းဆုံးကန်ချက်

ပွဲချိန် ၁၈ မိနစ်အရောက်မှာတော့ ဆွာရက်ဇ်ရဲ့ ပေးပို့မှုကနေ နေမာက marking လွတ်အနေအထားကနေ သွင်းယူသွားခဲ့ပါတယ်။ ပထမတစ်ပိုင်းမှာတော့ နေမာရဲ့ ဂိုးကိုပဲ မြင်ခဲ့ရပါတယ်။ ဒုတိယပိုင်းအရောက် ပွဲချိန် ၅၁ မိနစ်မှာတော့ အာဆင်နယ်အသင်းရဲ့ ကစားသမားသစ် အယ်လ်နန်နီက ဆန်းချက်ရဲ့ ပေးပို့မှုကနေ အကောင်းဆုံးကန်ချက်နဲ့ ချေပဂိုးတစ်ဂိုးရယူပေးခဲ့ပါတယ်။

ဆွာရက်ဇ်ရဲ့ မြေမကျကန်ချက်


မက်ဆီ အာဆင်နယ်ဂိုးသမား အော့စပင်နာကို ကျော်ချသွင်းယူလိုက်စဉ်

နောက်ပိုင်းမှာတော့ ဘာကာကပဲ ပွဲကို စိုးမိုးသွားခဲ့ပြီး ၆၅ မိနစ်မှာ ဆွာရက်ဇ်ရဲ့ မြေမကျပတ်ကန်ချက်နဲ့ ၈၈ မိနစ်မှာ မက်ဆီရဲ့ ဂိုးသမားကို ကျော်ချသွားတဲ့ ကန်ချက်တွေနဲ့ ပွဲသိမ်းခဲ့ပါတယ်။ ဒီရလဒ်ကြောင့် ဘာစီလိုနာအသင်းက နှစ်ကျော့ပေါင်း ရလဒ် ငါးဂိုးတစ်ဂိုးနဲ့ နောက်တစ်ဆင့်တက်ရောက်သွားခဲ့ပါတယ်။

 

ဘိုင်ယန်မြူးနစ် ၄-၂ ဂျူဗင်တပ်


ပေါ့ဂ်ဘာရဲ့ ဦးဆောင်ဂိုး
 
ပထမအကျော့မှာ နှစ်ဂိုးစီသရေကျခဲ့တဲ့ ဒီနှစ်သင်း ဒုတိယအကျော့မှာလည်း ရေကုန်ရေခမ်းယှဉ်ပြိုင်ခဲ့ကြတယ်။
ပထမတစ်ပိုင်းလုံးကတော့ ဂျူဗင်တပ်ကစားမားတစ်အားကောင်းနေခဲ့ပါတယ်။ မိုရာတာရဲ့ တစ်ကိုယ်တော် ထိုးဖောက်ပုံစံတွေက ဘိုင်ယန်နောက်တန်းတွေကို ခြောက်ခြားစေခဲ့ပါတယ်။ ပွဲအစ ငါးမိနစ်မှာတင် ဂျူဗင်တပ်အတွက် ပေါ့ဂ်ဘာက ဦးဆောင်ဂိုးကိုသွင်းယူပေးခဲ့ပါတယ်။



ကွာဒရာဒိုရဲ့ ဂျူဗင်တပ်အတွက် ဒုတိယဦးဆောင်ဂိုး
 ပွဲချိန် ၂၈ မိနစ်အရောက်မှာတော့ ကွာဒရာဒိုက မိုရာတာရဲ့ ပေးပို့မှုကနေ နောက်တန်းတွေကို အယောင်ပြပြီး ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် တူရင်သားတို့က ပထမပိုင်းမှာ နှစ်ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

လီဝန်ဒေါစကီးရဲ့ ခေါင်းတိုက်ချေပဂိုး
မိနစ်ကိုးဆယ်မှာမှ ခေါင်းတိုက်ဂိုးသွင်းယူလိုက်တဲ့ မူလာ
ဒုတိယပိုင်းမှာတော့ ဘိုင်ယန်အသင်းသားတွေ ချေပဂိုးရဖို့ ကြိုးစားလာခဲ့ကြပါတယ်။ မိနစ် ၇၀ ကျော်မှာ လီဝန်ဒေါစကီးက ဘိုင်ယန်အတွက် ခေါင်းတိုက်ချေပဂိုးတစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။ မိနစ် ၉၀ အရောက်မှာတော့ ဘိုင်ယန်တို့ထွက်ရပြီလို့ ထင်လိုက်ပေမယ့် မူလာက ခေါင်းတိုက်ပြီး ဘိုင်ယန်ပရိသတ်တွေအတွက် ရွှေချထားရမယ့် ချေပဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။

တူရင်သားတွေရဲ့ အသည်းခွဲဂိုးကို သွင်းယူပြီးနောက် အောင်ပွဲခံနေတဲ့ သီယာဂို

သာမန်ပွဲချိန် မိနစ်ကိုးဆယ်မှာ နှစ်ဂိုးစီသရေကျနေတာကြောင့် အချိန်ပိုကို ဆက်ပြီးယှဉ်ပြိုင်စေခဲ့ပါတယ်။ သီယာဂိုကို ရစ်ဘာရီအစား ဂွာဒီယိုလာက လူစားလဲခဲ့တယ်။ သီယာဂိုဝင်လာပြီးနောက်ပိုင်းမှာ ဘိုင်ယန်တို့ပိုပြီး ကစားအားတက်လာပါတယ်။ မူလာနဲ့ သီယာဂိုတို့ ဝမ်းတူးရိုက်ပြီး သီယာဂိုက အဖိုးတန်အနိုင်ဂိုးတစ်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဂျူဗင်တပ်တို့ စိတ်ဓာတ်အကြီးအကျယ်ကျသွားခဲ့ပြီး မိနစ် ၁၁၀ အရောက်မှာ ကိုမန်က နောက်ထပ်အနိုင်ဂိုးတစ်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။



ကိုမန်ရဲ့ ပွဲသိမ်းဂိုး



( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : UEFA , Youtube

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment