ပီအက်စ်ဂျီအသင်းနဲ့ ၂ နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့ နည်းပြ လောရင့်ဘလန့်
ပီအက်စ်ဂျီအသင်းကို အောင်မြင်မှုတွေ ရအောင်ကိုင်တွယ်ပေးနေတဲ့ နည်းပြ Laurent Blanc (လောရင့်ဘလန့်) ကတော့ အသင်းနဲ့အတူ နောက်ထပ်နှစ်နှစ် ဆက်ရှိတော့မှာဖြစ်ပါတယ်။ အသက် ၅၀ အရွယ်ရှိပြီဖြစ်တဲ့ ဒီနည်းပြဟာဆိုရင်တော့ ၂၀၁၀ ကနေ ၂၀၁၂ ခုနှစ်အထိ ပြင်သစ်လက်ရွေးစင်အသင်းနည်းပြအဖြစ် ကိုင်တွယ်ခဲ့ပြီး အခုအခါ ပီအက်စ်ဂျီအသင်းမှာတော့ ၂၀၁၈ ဇွန်လအထိ ရှိနေတော့မှာဖြစ်ပါတယ်။
ကာတာတော်ဝင်မိသားစုက ပိုင်ဆိုင်ထားတဲ့ ပီအက်စ်ဂျီအသင်းဟာဆိုရင် သူ့အပေါ်မှာ ယုံကြည်မှုနဲ့ သစ္စာရှိတယ်ဆိုတာကို ပြသလိုက်တာဖြစ်တယ်လို့ ဘလန့်က ပြောပါတယ်။
“အရိုးရှင်းဆုံးပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့အနာဂတ်ကို လှမ်းပြီး ကြည်နေတာပါ။ ကျွန်တော်ကတော့ အနာဂတ်မှာ ဘယ်လမ်းကို လျှောက်သင့်တယ်ဆိုတာကို သိနေပါပြီ။ ဒါနဲ့ အခုလိုစာချုပ်သက်တမ်းတိုးလိုက်တာက ကျွန်တော့်ပေါ်မှာ ကလပ်က သစ္စာအပြည့်ရှိတယ်ဆိုတာကို ပြသလိုက်တာပါ။ ကျွန်တော်အရမ်းပျော်ပါတယ်။ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ရောပဲ။ သူတို့မရှိဘဲနဲ့တော့ နည်းပြဆိုတာ ဘာအလုပ်မှ မဖြစ်ပါဘူး။ ”
“ကျွန်တော်တို့အသင်းကတော့ အခုလိုပုံစံအတိုင်းပဲ ရှေ့ဆက်နေမှာဖြစ်ပြီး ကြီးမားတဲ့ တာဝန်တွေကိုလည်း ကျေပွန်အောင် ထမ်းဆောင်သွားမှာပါ။ ကျွန်တော်တို့အသင်းမှာ ဥရောပမှာရော ပြည်တွင်းမှာပါ ရည်မှန်းချက် ကြီးကြီး ရှိနေပါတယ်။ ကျွန်တော်တို့ လမ်းကြောင်းပေါ်မှာ ပြေးနေတုန်းပဲ။ ကျွန်တော်တို့အဆင်သင့်ဖြစ်နေပါပြီ။ အသင်းကြီးတစ်သင်းဖြစ်တယ်ဆိုရင်တော့ အသင်းကြီးတစ်သင်းမှာ ရှိတဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရပါမယ် ” လို့ ဘလန့်က ပြောပါတယ်။
ပီအက်စ်ဂျီအသင်းဟာဆိုရင်တော့ ပြည်တွင်းမှာတော့ အနီးစပ်ဆုံးပြိုင်ဘက်ဖြစ်တဲ့ မိုနာကိုအသင်းကို ၂၄ မှတ်အထိ ဖြတ်ချထားနိုင်ခဲ့ပြီး ပြင်သစ်လီဂူးဖလားကို နောက်ထပ်တစ်ကြိမ် ရရှိဖို့ သေချာသလောက်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာလည်း ချယ်လ်ဆီးအသင်းနဲ့ တွေ့ဆုံလျက်ရှိပြီး သူတို့ရဲ့ အိပ်မက်တစ်ခုဖြစ်တဲ့ ချန်ပီယံလိဂ်ဆုဖလားကို ရအောင် အပြင်းအထန် ကြိုးစားနေတယ်လို့လည်း သိရပါတယ်။
( Paing A K )
#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : Dailymail
0 comments :
Post a Comment