Powered by Blogger.

စတန်းဖို့ဒ်ဘရစ်ခ်ျမှာချဲလ်ဆီးဝါရင့်တွေ ပညာပေးတာခံလိုက်ရတဲ့မန်စီးတီး လူငယ်များ


မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ FA ဖလား ဆဌမအဆင့်ပွဲစဉ်တွေမှာ ချဲလ်ဆီးက မန်စီးတီးကို ၅ဂိုး ၁ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။ ချဲလ်ဆီးက အဓိကကစားသမားတွေအစုံအလင်နဲ့ ပွဲထုတ်ပါဝင်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပြီး မန်စီးတီးကတော့ လူငယ်ကစားသမားတွေကိုပဲ အဓိကထားပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

ပွဲစကတည်းက ချဲလ်ဆီးဟာ မန်စီးတီးကို တောက်လျှောက်ထိုးစစ်ဆင်ခဲ့ပြီး မန်စီးတီးခံစစ်ကြောင်းကို ဒုက္ခပေးခဲ့ပါတယ်။ အဓိကကစားသမားတွေဖြစ်တဲ့ ချဲလ်ဆီးကွင်းလယ်လူတွေဖြစ်တဲ့ ဖာဘရီဂတ်စ်နဲ့ အီဒင်ဟာဇက်တို့ ကွင်းလယ်က မန်စီးတီးကို စိုးမိုးခဲ့ပြီး ဟာဇက်ရဲ့တစ်ကိုယ်တော်ထိုးဖောက်မှုတွေကလည်း ထိရောက်ခဲ့ပါတယ်။

ပွဲအစမှာ ချဲလ်ဆီးကွင်းလယ်လူ ပတ်ဒရိုရဲ့ကန်သွင်းမှု တိုင်ထိထွက်ခဲ့လို့ မန်စီတီးသက်သာရာရခဲ့ပါတယ်။ ဒါပေမယ့် ၃၅မိနစ်မှာ ဟာဇက်ရဲ့ပေးပို့မှုကနေတစ်ဆင့် ကော်စတာခေါင်းတိုက်ပြီး အဖွင့်ဂိုးသွင်းယူခဲ့ပါတယ်။ ဒါပေမယ့် နှစ်မိနစ်အကြာမှာ မန်စီးတီးက ဒေးဗစ်ဖော်ပါလာ ကချေပဂိုးပြန်သွင်းယူခဲ့လို့ ပထမပိုင်းကို တစ်ဂိုးစီသရေနဲ့ အဆုံးသတ်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာချဲလ်ဆီးက တိုက်စစ်ကိုပိုမိုဖိအားပေးကစားလာခဲ့ပြီး ၄၈မိနစ်မှာ ဟာဇက်ရဲ့ဖန်တီးပေးပို့မှုကနေတစ်ဆင့် ဝီလီယံက ကန်သွင်းခဲ့လို့ချဲလ်ဆီးထပ်မံဦးဆောင်ခဲ့ပါတယ်။ ငါးမိနစ်အကြာ မှာ မန်စီးတီးခံစစ်ကပြန်လျှံလာတာကို နောက်ခံလူ ကာဟေးလ်ကပိတ်သွင်းလို့ နောက်တစ်ဂိုးထပ်ရခဲ့ပြီး ၆၅ မိနစ်မှာလည်း ဟာဇက်က ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းပြီး စတုတ္ထမြောက်ဂိုးရယူခဲ့တာပါ။ ဒီဂိုးမှာ ဂိုးသမားကာဘယ်လာရိုရဲ့ နေရာယူပုံအမှားမကင်းတာလည်း တွေ့ရပါတယ်။ ခဏအကြာမှာ ဒီမစ်ချယ်လစ်က ချဲလ်ဆီးကွင်းလယ်ကစားသမား ထရာအိုရီကို ဂိုးဧရိယာထဲမှာ တွန်းခဲ့လို့ ပယ်နယ်တီရခဲ့ပြီး အော်စကာ ကန်သွင်းချက်ကို ကာဘယ်လာရိုပုတ်ထုတ်ကာကွယ်ခဲ့တာပါ။ ပွဲပြီးခါနီးမှာတော့ ထရာအိုရီကပဲ အော်စကာရဲ့ဖန်တီးမှုကိုခေါင်းတိုက်ပြီး ပွဲသိမ်းဂိုးသွင်းယူခဲ့တာပါ။

ဒီပွဲတစ်ပွဲလုံးခြုံကြည့်မယ်ဆိုရင် ချဲလ်ဆီးကပွဲစပွဲဆုံးစိတ်ကြိုက်ကစားခဲ့ပြီး ဂိုးတွေသွင်းယူခဲ့တာပါ။ ဒီပွဲမှာ အဓိကကစားသမားတွေအားလုံးလိုလိုကို ခေါက်ထားခဲ့တဲ့ ပယ်လီဂရီနီရဲ့ ဆုံးဖြတ်ချက်က အတော်အံ့အားသင့်စရာပါပဲ၊ ဇာဘလက်တာနဲ့ ဒီမစ်ချယ်လစ်တို့ဦးဆောင်တဲ့ နောက်တန်းအရည်အသွေးကလည်း မေးခွန်းထုတ်စရာကောင်းနေခဲ့ပါတယ်။ ချဲလ်ဆီးကွင်းလယ်ဘယ်ခြမ်းက အားပြုကစားနေတာကို သိရက်နဲ့လျစ်လျူရှုခဲ့တာကလည်း ရှုံးပွဲကိုဦးတည်စေခဲ့တာပါ။ ၂-၁ဂိုးဖြစ်နေတဲ့အချိန်မှာ အဓိကကစားသမားတွေကိုထည့်ပြီး နောက်တန်းပြန်ထိုင် ကွင်းလည်ကိုတည်ခဲ့သင့်ပေမယ့် လုပ်သင့်တာမလုပ်လို့ ပိုဂိုးပြတ်ခဲ့တာကိုတွေ့ရပါတယ်။ ချဲလ်ဆီးရဲ့ထိုက်တန်တဲ့နိုင်ပွဲပါပဲ။

(Blue Lion)

#သစ်ထူးလွင်(အားကစား)
#sport.thithtoolwin.com

Ref: Independent, Livescore, YouTube

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment