Powered by Blogger.

ရက်ရှ်ဖို့ဒ် သူရဲကောင်းဖြစ်ခဲ့တဲ့ သရဲနီနဲ့ ဂန်းနားတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှု


အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ မန်ယူအသင်းရဲ့ လူငယ်ကစားသမား ရက်ရှ်ဖို့ဒ်ဟာဆိုရင်တော့ မနေ့ညက ကစားခဲ့တဲ့ အာဆင်နယ်အသင်းကို သုံးဂိုးနှစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် အရေးပါတဲ့ ဂိုးနှစ်ဂိုးကို သွင်းယူပေးခဲ့ပြီး မန်ယူပရိသတ်တွေအတွက်တော့ သူရဲကောင်း ကစားသမားဖြစ်ခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာဆိုရင်တော့ ပြီးခဲ့တဲ့ ယူရိုပါလိဂ် ရှုံးထွက်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ မစ်ဂျယ်လန်းအသင်းနဲ့ ပွဲမှာလည်း သူ့အတွက် ပွဲဦးထွက်ဖြစ်ခဲ့ပေမယ့် အကောင်းဆုံးကစားပြနိုင်ခဲ့ပြီး နှစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။

မန်ယူအသင်းရဲ့ ဒဏ်ရာ ပြဿနာတွေကြောင့် ဂျူနီယာကစားသမားတွေ ပွဲထွက်ခွင့် ရလာတဲ့အချိန်မှာ ရက်ရှ်ဖို့ဒ်က အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ မန်ယူအသင်းကတော့ နောက်ခံလူ ဒဏ်ရာရကစားသမားတွေ များပြားနေတာကြောင့် ကာရစ်ကို ဗဟိုနောက်ခံလူအဖြစ် ထားကစားခဲ့ရပြီး မာရှယ်လ်ရဲ့ ဒဏ်ရာပြဿနာကြောင့် ရက်ရှ်ဖို့ဒ်ကို အထောင်တိုက်စစ်မှူးအဖြစ် အသုံးပြုခဲ့ရပါတယ်။ အာဆင်နယ်အသင်းကတော့ မာတီဆက်ကာရဲ့ နေရာမှာ ဂါဘရီယယ်လ်ကိုထည့်ကစားခဲ့ပြီး ချိန်ဘာလိန်ရဲ့ ဒဏ်ရာကြောင့် ဝဲလ်ဘတ်က တောင်ပံထွက်ကစားခဲ့ရပါတယ်။ အထောင်တိုက်စစ်နေရာမှာတော့ ဝဲလ်ကော့်တ်ကို ဂျရူးအစား အသုံးပြုခဲ့တာကို တွေ့ရပါတယ်။


အာဆင်နယ်အသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးခဲ့ပေမယ့်လည်း မန်ယူအသင်းတိုက်စစ်ရဲ့ အငိုက်ဖမ်းတိုက်စစ်ဆင်မှုတွေကို ခွင့်ပြုခဲ့ရတာကြောင့် အခုလိုရလဒ်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဘောလုံးပွဲကောင်းတစ်ပွဲကို မြင်ခဲ့ရပြီး မန်ယူနည်းပြ ဗန်ဟားလ်ရဲ့ လုပ်ရပ်တွေကလည်း ပရိသတ်တွေကို ရယ်စရာဖြစ်စေခဲ့ပါတယ်။



ပွဲချိန် ၂၉ မိနစ်မှာတော့ နောက်တန်းညာတောင်ပံက ဗာရယ်လာရဲ့ ဖြတ်တင်ဘောကို ရက်ရှ်ဖို့ဒ်က ပိတ်သွင်းခဲ့ပြီး မန်ယူအသင်းအတွက် ဦးဆောင်ဂိုး ရယူပေးခဲ့ပါတယ်။ ဦးဆောင်ဂိုးရပြီး သုံးမိနစ်အကြာမှာပဲ ရက်ရှ်ဖို့ဒ်ကပဲ လင်ဂတ်ရဲ့ ပေးပို့မှုကနေ မန်ယူအသင်းအတွက် နောက်ထပ် ဦးဆောင်ဂိုးတစ်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။



အဲ့ဒီနောက်မှာတော့ အာဆင်နယ်အသင်းက ချေပဂိုးရဖို့ ပြန်ဖိကစားခဲ့ပါတယ်။ ပွဲချိန် မိနစ်လေးဆယ်မှာရတဲ့ ပြစ်ဒဏ်ဘောကို အိုဇေးလ်က ကန်သွင်းခဲ့ပြီး ဝဲလ်ဘတ်က ခေါင်းတိုက်ခဲ့တာကြောင့် အာဆင်နယ်တို့ ချေပဂိုးတစ်ဂိုးကို ပထမပိုင်းပြီးခါနီးမှာ ရရှိသွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း အာဆင်နယ်အသင်းက နောက်ထပ်ဂိုးတွေရဖို့ ကြိုးစားခဲ့ပြီး ကံခေနေခဲ့ပါတယ်။ ၆၅ မိနစ်မှာတော့ ရက်ရှ်ဖို့ဒ်ရဲ့ ဖန်တီးပေးမှုကနေ ဟာရဲရားရဲ့ ကန်ချက်က ကိုစီယယ်လ်နီနဲ့ ထိခိုက်မိပြီး လမ်းကြောင်းပြောင်းဂိုးဝင်သွားခဲ့ပါတယ်။ အာဆင်နယ်အသင်းကတော့ လူစားထိုးမှုတွေပြုလုပ်ပြီး ချေပဂိုးတွေ ပြန်ရရှိဖို့ ကြိုးစားခဲ့ပါတယ်။




ပွဲချိန် ၆၉ မိနစ်မှာတော့ အာဆင်နယ်တိုက်စစ်မှူး ဝဲလ်ဘတ်ကန်သွင်းမှုကို ဒီဂီယာ ကာကွယ်ခဲ့ပြီး ပြန်လျှံထွက်လာတဲ့ ဘောလုံးကို အိုဇေးလ်က ကန်သွင်းယူခဲ့တာကြောင့် သုံးဂိုးနှစ်ဂိုးဖြစ်သွားခဲ့ပါတယ်။ လက်ကျန်မိနစ်တွေမှာတော့ မန်ယူအသင်းက ထိန်းကစားသွားနိုင်ခဲ့တာကြောင့် သုံးဂိုးနှစ်ဂိုးဆိုတဲ့ရလဒ်နဲ့  မန်ယူအသင်းက အနိုင်ရရှိသွားခဲ့ပါတယ်။




( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : BBC



Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment