Powered by Blogger.

ချန်ပီယံလိဂ်အနိုင်ကြောင့် ပျော်ရွှင်နေတဲ့ မန်စီးတီးနည်းပြ ပယ်လီဂရီနီနဲ့ မန်စီးတီးအသင်းသားများ


မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပြိုင်ပွဲမှာတော့ မန်စီးတီးအသင်းဟာ ဒိုင်နမိုကိဗ်အသင်းကို အဝေးကွင်းမှာ သုံးဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီလိုအနိုင်ရခဲ့တာကြောင့် မန်စီးတီးအသင်းရဲ့ နည်းပြ Pellegrini (ပယ်လီဂရီနီ)ကတော့ သူ့အနေနဲ့ အနိုင်ရခဲ့လို့ ပျော်ရွှင်မိပြီး လာမယ့်ကာလတွေမှာ ရလဒ်ကောင်းတွေသာ ရရှိလာနိုင်တော့မှာဖြစ်တယ်လို့ ရင်ဖွင်ခဲ့ပါတယ်။

မန်စီးတီးအသင်းဟာဆိုရင်တော့ ဒီပွဲမှာ လူစုံထုတ်ကစားခဲ့ပြီး အဂွဲရိုးနဲ့ ဆေးလ်ဗားတို့ရဲ့ ဂိုးတွေကြောင့် ပထမပိုင်းမှာတင်နှစ်ဂိုးပြတ်နဲ့ ဦးဆောင်နေခဲ့ပါတယ်။ ဒုတိယပိုင်း ၅၈ မိနစ်မှာတော့ ဒိုင်နမိုကိဗ်အသင်းက တစ်ဂိုးပြန်လည်ချေပခဲ့ပေမယ့်လည်း ယာယာတိုရေးရဲ့ မိနစ်ကိုးဆယ်သွင်းဂိုးကြောင့် အဝေးကွင်းမှာ နှစ်ဂိုးအသာရခဲ့ပြီး နောက်တစ်ဆင့်တက်ဖို့ သေချာသလောက်ရှိသွားခဲ့တာဖြစ်ပါတယ်။


ဒီလိုအနိုင်ကြောင့် ချီလီသားနည်းပြကတော့ “ကျွန်တော်အရမ်းပျော်နေတယ်။ ဒါကတော့ ကောင်းတဲ့ ရလဒ်တစ်ခုပါပဲ။ ကျွန်တော်တို့ အဝေးကွင်းမှာ အသာရခဲ့တာကြောင့် အိမ်ကွင်းပွဲကတော့ သိပ်အားစိုက်စရာမလိုဘူးဆိုတဲ့ ရူးနှမ်းတဲ့အတွေးတောင် ဝင်မိတယ်။ ကျွန်တော်ကတော့ ဒီအလုပ်ကို လေးစားပါတယ်။ အမြဲလိုလို ဒုက္ခတွေလည်း တွေ့ရပါတယ်။ ဒါပေမယ့် နည်းပြတစ်ယောက်အတွက်တော့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချတတ်ဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။ ” လို့ ပြောပါတယ်။

“ကျွန်တော်ဒီအခြေအနေတွေမှာလည်း ပြိုင်ပွဲအားလုံးကို တန်ဖိုးထားပါတယ်။ ဒါပေမယ့် ဒီအခြေအနေမှာ ကြံ့ခိုင်မှု မပြည့်ဝတဲ့ ကစားသမားက ၁၃ ယောက်အထိရှိနေခဲ့ပါတယ်။ ဒီလိုဖြစ်နေတာကြောင့် ကစားသမားတွေကို ပြိုင်ပွဲတစ်ခုကနေ အနားပေးဖို့ လိုနေပြီဆိုတာ သိလိုက်ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ အက်ဖ်အေဖလားကနေ ထွက်လိုက်ရပါတယ်။ ကျွန်တော်တို့ ဖိအားတွေ အများကြီးနဲ့ ကစားလိုက်ရတာပါ” လို့ ပယ်လီဂရီနီက အက်ဖ်အေဖလားက ထွက်ခဲ့ရတာနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။

ဒီလိုအနိုင်ရလဒ်ကြောင့် မန်စီးတီးအသင်းသားတွေကလည်း အားရလျက်ရှိနေပြီး လီဗာပူးလ်အသင်းနဲ့ ကစားရမယ့် လိဂ်ဖလား (ကတ်ပီတယ်ဝမ်းဖလား) ဖိုင်နယ်ပွဲစဉ်အတွက် အကောင်းဆုံး ကစားဖို့ အသင့်ဖြစ်နေတယ်လို့ သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : BBC



Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment