Powered by Blogger.

မက်ဆီဒုက္ခပေးတာခံခဲ့ရတဲ့ အာဆင်နယ်နဲ့ တူရင်သားတွေနဲ့ ဘာဗေးရီးယန်းတွေရဲ့ သရေပွဲ





မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပြိုင်ပွဲတွေမှာတော့ အာဆင်နယ်အသင်းက စပိန်ကလပ် ဘာစီလိုနာကို အိမ်ကွင်းမှာ နှစ်ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ဂျူဗင်တပ်အသင်းကတော့ ဘိုင်ယန်မြူးနစ်အသင်းကို အိမ်ကွင်းမှာ နှစ်ဂိုးစီသရေကျအောင် ကစားနိုင်ခဲ့ပါတယ်။

အာဆင်နယ် ၀-၂ ဘာစီလိုနာ


အာဆင်နယ်နဲ့ ဘာစီလိုနာတို့ရဲ့ ပွဲစဉ်မှာတော့ ဘာစီလိုနာအသင်းက ကစားကွက်ကို အုပ်စီးထားနိုင်ခဲ့ပြီး အာဆင်နယ်ကတော့ ခံစစ်အသားပေးပုံစံမျိုးနဲ့သာ ကစားခဲ့ပါတယ်။ ဘာကာရဲ့ တိုက်စစ်ကို ဟန်ချက်ညီညီနဲ့ ပထမတစ်ပိုင်းလုံးအာဆင်နယ်က တောင့်ခံနိုင်ခဲ့ပေမယ့်လည်း ဒုတိယပိုင်းအရောက်မှာ နောက်တန်းကစားသမားတွေရဲ့ အမှားတစ်ချို့ကြောင့် ဂိုးတွေကို လွယ်လွယ်နဲ့ ခွင့်ပြုလိုက်ရပါတယ်။



အာဆင်နယ်အသင်းကတော့ ဂျရူး ၊ အိုဇေးလ် ၊ ဆန်းချက် ၊ ဘယ်လာရင် ၊ ကိုကွီလင် ၊ ရမ်ဆေးစတဲ့ အဓိက ကစားသမားတွေအစုံအလင်ပါဝင်ခဲ့ပြီး ဘာကာကလည်း မက်ဆီ ၊ နေမာ ၊ ဆွာရက်ဇ် ၊ ရာကီတစ် ၊ အင်နီယေစတာ စတဲ့ ကစားသမားတွေပါဝင်လာခဲ့ပြီး ဂိုးသမားအနေနဲ့တော့ အရန်ဂိုးသမား တာစတီဂန်ကို ပွဲထွက်စေခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာဆိုရင်တော့ သူတို့ရဲ့နောက်တန်းနဲ့ တန်ပြန်တိုက်စစ်ကစားပုံကို ပထမပိုင်းမှာ ကောင်းကောင်းကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း ရခဲ့ပါတယ်။

အိုဇေးလ်ရဲ့ ဖန်တီးပေးမှုကနေ ရမ်ဆေးက အပိုင်ကန်ခွင့်ရခဲ့ပေမယ့်လည်း မာရှေယာနိုနဲ့ ထိသွားလို့ ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ပါဘူး။ အိုဇေးလ်ကတော့ ဒီပွဲမှာ အာဆင်နယ်အတွက် key player ဖြစ်ခဲ့ပြီး သူ့ရဲ့ဖန်တီးမှုတွေက ဂိုးနားမှာ ဝဲနေခဲ့ပါတယ်။ အိုဇေးလ်ချိုးချပေးတာကို ဘယ်လာရင်ရဲ့ ကန်ချက်ကောင်းခဲ့ပေမယ့်လည်း အဲလ်ဗတ်စ်က လျှောထိုးဖျက်ထုတ်နိုင်ခဲ့လို့ ဂိုးနားမရောက်ခဲ့ပါဘူး။ ပြန်ထွက်လာတဲ့ ဘောလုံးကို ချမ်ဘာလိန်အပိုင်ပိတ်ခွင့်ရပေမယ့်လည်း ဂိုးသမားတည့်တည့်ကို ကန်မိခဲ့လို့ ဂိုးမဖြစ်ခဲ့ပြန်ပါဘူး။




ဘာစီလိုနာရဲ့ MSN တိုက်စစ်ကတော့ တစ်ယောက်နဲ့ တစ်ယောက်အဆက်အဟပ်မိလှပြီး ကစားကွက်က လှလွန်းခဲ့ပါတယ်။ Timing ကိုက် ပိတ်သွင်းတာတွေကို အာဆင်နယ်နောက်တန်းပါးနပ်ခဲ့လို့သာ ဂိုးစောစောစီးစီး မပေးခဲ့ရတာပါ။ ပထမပိုင်းပြီးခါနီးမှာတော့ ဆွာရက်ဇ်ရဲ့ ဂိုးတိုင်ဘေးကပ်လွဲခဲ့လို့ အာဆင်နယ်တို့ ကံကောင်းခဲ့ပါတယ်။



ဘာကာကတော့ ဒုတိယပိုင်းပြန်စတဲ့အချိန်မှာ တစ်သင်းလုံးတက်ဖိနေတာမျိုးမလုပ်တော့ဘဲ အာဆင်နယ်ရဲ့ တန်ပြန်တိုက်စစ်တိုက်နေချိန်မှာ အငိုက်ဖမ်းတဲ့ပုံစံမျိုးနဲ့ ကစားခဲ့ပါတယ်။ အာဆင်နယ် တစ်သင်းလုံးတက်ဖိနေတဲ့အချိန်မှာ ဘာကာက ဘောလုံးရအောင်ပြန်လုပြီး MSN တိုက်စစ်သုံးယောက်နဲ့ ဂိုးတစ်ဂိုးကို အလွယ်တကူလုပ်ယူနိုင်ခဲ့ပါတယ်။ပွဲချိန်မိနစ် ၇၀ ကျော်လာပြီး  အာဆင်နယ်အသင်းဖိကစားနေတဲ့ကြားမှာ အင်နီယေစတာက နေမာကို ဘောလုံးထုတ်ပေး နေမာက ထပ်ပြီး ဆွာရက်ဇ်ကိုပို့ခဲ့တယ်။


ဆွာရက်ဇ်နောက်ကို ပြုံပြီးတော့ မာတီဆက်ကာတို့တစ်စုလိုက်ပြေးနေချိန်မှာ နေမာက ဂိုးနားအထိဘောလုံးသယ်ဖို့ တာဝန်ယူသွားခဲ့တယ်။ ဘယ်လာရင်တို့က နေမာနောက်ကို ပြေးကပ်ချိန်မှာ ဝှက်ဖဲကစားသမား မက်ဆီက တစ်ယောက်တည်း ကပ်တိုးလေးလိုက်လာပြီး နေမာဘောလုံးချအပေးမှာ ဂိုးပေါက်ထဲကို လွတ်လွတ်ကျွတ်ကျွတ်ကန်သွင်းနိုင်ခဲ့ပါတယ်။


ဘာကာရဲ့ စီမံချက်ထဲကို အာဆင်နယ်နောက်တန်းတွေ အငိုက်မိပြီး ရောက်သွားခဲ့ရပါတယ်။ နောက်တစ်ဂိုးကိုတော့ ၈၃ မိနစ်မှာ ကိုကွီလင်အစားဝင်လာတဲ့ ဖလာမီနီရဲ့ မက်ဆီ ဆီကနေ ဘောလုံးဖျက်ထုတ်ပုံမသေသပ်လို့ ပင်နယ်တီပေးခဲ့ရပြီး မက်ဆီကပဲ အသာအယာကန်သွင်းယူသွားခဲ့ပါတယ်။ ဒါ့ကြောင့် အာဆင်နယ်အသင်းကတော့ နောက်ထပ်တစ်ကျော့မှာ ဘာစီလိုနာအသင်းကို အသည်းအသန်လိုက်ကစားရတော့မှာဖြစ်ပါတယ်။

 




ဂျူဗင်တပ် ၂-၂ ဘိုင်ယန်မြူးနစ်

အသင်းနှစ်သင်းလုံးက အကောင်းဆုံးကစားနိုင်ခဲ့ပြီး မျှတတဲ့သရေပွဲလို့ ပြောရမယ်။ ဘိုင်ယန်က ဘောလုံးကိုင်ကစားခဲ့တာဖြစ်ပြီး ဂျူဗီကို ဖိအားပေးနိုင်ခဲ့ပါတယ်။ ပထမတစ်ပိုင်းလုံး ဘိုင်ယန်ကံခေနေခဲ့ပြီး ဘိုင်ယန်ရဲ့ အဖွင့်ဂိုးကို ၄၃ မိနစ်မှာမှ မူလာက ဒေါက်ဂလပ်စ်ကော်စတာရဲ့ ချပေးမှုကနေ ကန်သွင်းယူခဲ့ပါတယ်။

ဒုတိယပိုင်းအရောက်မှာတော့ ဂျူဗီက ဂိုးရဖို့ ပြန်ရုန်းကစားခဲ့တယ်။ ဘိုင်ယန်ရဲ့ နောက်ထပ်အနိုင်ဂိုးကိုတော့ ၅၅ မိနစ်မှာ ရော်ဘင်က ဂိုးဧရိယာထဲမှာ တစ်ကိုယ်တော်ခြေစွမ်းပြပြီး သွင်းယူပေးခဲ့ပါတယ်။ ဂျူဗင်တပ်အတွက်ချေပဂိုးကိုတော့ ၆၃ မိနစ်အရောက်မှာမှ မန်ဇူကစ်ရဲ့ ဖန်တီးပေးမှုကနေ ဒီဘာလားက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ သရေကျစေမယ့် နောက်ထပ်ချေပဂိုးကိုတော့ မိုရာတာရဲ့ ပေးပို့မှုကနေ စတူရာရိုက အနီးကပ်ပိတ်သွင်းပေးခဲ့တာပါ။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : UEFA



Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment