Powered by Blogger.

အားလုံးနီးပါးမှားနေခဲ့တယ်လို့ လီဗာပူးလ်နည်းပြ Klopp ပြော




လီဗာပူးလ်အသင်းကတော့ မနေ့ညက နယူးကာဆယ်အသင်းကို နှစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ပြီးတဲ့နောက်မှာတော့ နည်းပြ Klopp က အသင်းမှာ အားလုံးလိုလို အမှားအယွင်းတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။ အန်ဖီးလ်မန်နေဂျာဟာဆိုရင်တော့ သူ့ရဲ့ လီဗာပူးလ်နည်းပြသက်တမ်းမှာ နှစ်ပွဲမြောက် ရှုံးပွဲကို ရင်ဆိုင်လိုက်ရတာဖြစ်ပြီး စိန့်ဂျိမ်းပါ့ခ် အပြန်ခရီးကတော့ မလှပခဲ့ပါဘူး။ ဒါ့အပြင် နောက်ခံလူ Moreno ရဲ့ လှပတဲ့ သွင်းဂိုးကိုလည်း လူကျွံဘောအဖြစ် သတ်မှတ်ပြီး ဂိုးငြင်းခဲ့လို့ ကြိုးကြာနီတို့ ကံဆိုးခဲ့ရတာပါ။

" ဘာတွေမှားနေတာလဲဆိုရင်တော့  အားလုံးနီးပါးမှားနေခဲ့တာလို့ ကျွန်တော်ဖြေရဲပါတယ်။ ရှေ့ ၊ လယ် ၊ နောက် အကုန်လုံးပဲ။ ကျွန်တော်ကိုယ်တိုင်တောင် မသိတော့ဘူး။ မနေ့ညက  ဘောလုံးပွဲကောင်းတစ်ပွဲလည်း မဖြစ်ခဲ့ဘူး။ ကျွန်တော့်မှာ ဘာအခက်အခဲမှ ရှိမှာတော့ မဟုတ်ဘူး။ ဒါပေမယ့် ဘာကြောင့် ရှုံးခဲ့ရတယ်ဆိုတာကိုတော့ စစ်ဆေးမှုတွေ ပြုလုပ်ရအုံးမယ်။ ကျွန်တော်တို့ ရှုံးခဲ့တယ်။ ပဲလေ့စ်ကိုလည်း ရှုံးခဲ့တာပဲ။ ဒါဟာ နာကျည်းစရာတွေပဲ။ " လို့ Klopp က အသင်းကို အားမရတဲ့ ပုံစံနဲ့ ပြောခဲ့တာပါ။

Klopp ကပဲ ဆက်ပြီးတော့ " ကျွန်တော်တို့ ကစားပုံ အဆိုးဆုံးပွဲ ၊ အသင်းရဲ့ အညံ့ဆုံးပွဲပဲ။ ကျွန်တော် အဲ့ဒါကို မကြိုက်ဘူး။ ဒါပေမယ့်လည်း အသင်းကတော့ ဒီလိုပုံစံဆက်ဖြစ်နေမှာပဲ " လို့ အသင်းက ကစားသမားတွေ ကြိုးစားခဲ့ခြင်း မရှိတာနဲ့ ပတ်သက်ပြီး ပြောခဲ့ပါတယ်။

အသင်းဟာ ဒီလို ရှုံးပွဲကြောင့် ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ပြိုင်ဘက်ကောင်း မဟုတ်ဘူးလို့ ပြောတာနဲ့ ပတ်သက်ပြီး " ကျွန်တော်တို့ကို ဒီလိုပြောသံမျိုးတွေ မကြားမိဘူး။ ကျွန်တော်ကတော့ ဘယ်သူဘာပြောပြော အေးဆေးပါပဲ။ ဘာကြောင့်လဲဆိုတာတော့ လာမမေးပါနဲ့။ ကျွန်တော် ကိုယ်တိုင်ကလည်း ချန်ပီယံဆုကို ရည်မှန်းထားတယ်လို့မှ မပြောခဲ့တာ။ဒါကြောင့် အခုလောလောဆယ်ကတော့ ချန်ပီယံဆုကို စိန်ခေါ်မယ့် အသင်း မဟုတ်ပါဘူး။ Sorry ပါပဲ။"

" ကျွန်တော်တို့ ဘာကြောင့် ရှုံးခဲ့ရတယ်ဆိုတာ နားလည်ဖို့ လုပ်ရလိမ့်မယ်။ ကျွန်တော်တို့ နားလည်အောင် လုပ်ပြီး ပြန်ကြိုးစားရလိမ့်မယ်။ ဘာကြောင့်ရှုံးလဲဆိုတာကတော့ ဖြေလေ့ဖြေထ မရှိလို့ ဖြေမှာ မဟုတ်ဘူး။ ကျွန်တော်တို့ အကောင်းဆုံး ဂိုးတစ်ဂိုးကို လုပ်နိုင်ခဲ့တယ်။ ဒါပေမယ့်လည်း စည်းကြပ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကတော့ ကျွန်တော်တို့ကို နစ်နာစေခဲ့တယ်။ ဒီလို ကမ္ဘာ့အဆင့်မီ ဂိုးတစ်ဂိုးကို အငြင်းခံလိုက်ရတဲ့ ခံစားချက်ကိုတော့ သင်ကစားတဲ့အခါကျမှ သိပါလိမ့်မယ် " လို့ Klopp က ပြောခဲ့ပါတယ်။ ဒီအရှုံးကြောင့် လီဗာပူးလ်အသင်းကတော့ အဆင့်ခုနစ်နေရာမှာ ရမှတ် ၂၃ မှတ်နဲ့ ရပ်တည်လျက် ရှိတယ်လို့ သိရပါတယ်။


(Paing A K)

# သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment