အာဆင်နယ်အသင်းနဲ့ သဘောတူညီမှုရခဲ့တဲ့ ဘေဆယ်ကွင်းလယ်လူ Elneny |
အာဆင်နယ်အသင်းကတော့ ဘေဆယ်အသင်းရဲ့ ကွင်းလယ်အဖျက်ကစားသမား Mohamed Elneny ကို ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းရဲ့ ပထမဆုံး လှုပ်ရှားမှုအဖြစ် ခေါ်ယူနိုင်ဖို့ သေချာ်သလောက် ရှိနေပါတယ်။ သူဟာ အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်ပြီး အီဂျစ်နိုင်ငံရဲ့ လက်ရွေးစင် ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ကိုတော့ အာဆင်နယ်က ပေါင် ငါးသန်းကနေ ခုနစ်သန်းကြားပေးပြီး ခေါ်ယူနိုင်လိမ့်မယ်လို့ သတင်းတွေ ထွက်နေပြီး အပြောင်းအရွှေ့ကိစ္စအတွက်တော့ သဘောတူညီမှုတွေကို ရယူထားနိုင်ပြီး ဖြစ်တယ်လို့ သိရပါတယ်။
အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူတွေဖြစ်တဲ့ Cazorla , Coquelin နဲ့ Wilshere တို့ဟာ ဒဏ်ရာတွေရနေတဲ့အပြင် ဝါရင့်ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ Arteta , Rosicky နဲ့ Flamini တို့နဲ့ လာမယ့်နွေရာသီမှာ လမ်းခွဲရတော့မှာဖြစ်တာကြောင့် Elneny ကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့ အာဆင်နယ်အသင်းအတွက်တော့ လတ်တလောကာလအတွက်သာမကပဲ ရေရှည်အတွက်ပါ အကျိုးရှိမယ်လို့ မျှော်လင့်ရပါတယ်။
Elneny ဟာ ကွင်းလယ်အဖျက် ကစားသမားတစ်ယောက်ဖြစ်ပြီး တိကျတဲ့ ကန်ချက်ပြင်းပြင်းတွေနဲ့ ဂိုးတွေလည်း သွင်းယူပေးတတ်ပါတယ်။ ဒါ့အပြင် ကွင်းလယ်အဖျက်ကစားသမားဆိုတဲ့အတိုင်း ခပ်ကြမ်းကြမ်းဖျက်ထုတ်မှုတွေနဲ့လည်း နောက်တန်းတွေကို အကူအညီပေးနိုင်တာကြောင့် ဘေဆယ်အသင်းမှာ နာမည်ကြီးနေခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ ဘောလုံးလုယူမှုဟာ တစ်ပွဲကို ၂.၄ ကြိမ်နှုန်းရှိပြီး ဘောလုံးဖြတ်တောက်မှုကတော့ တစ်ပွဲကို ပျမ်းမျှ နှစ်ကြိမ်ရှိပါတယ်။
သူ့ကို လာကမ်းလှမ်းတဲ့ နေရာပေါင်းများစွာရှိတဲ့ထဲက ပရီးမီးယားလိဂ်ကိုသာစိတ်ဝင်စားတယ်လို့ သူကပြောပါတယ်။ " ပရီးမီးယားလိဂ်ဆိုတာ ကစားသမားတိုင်း ကစားဖို့ အိပ်မက်မက်တဲ့ နေရာပါ။ " လို့ Elneny က ပြောဖူးပါတယ်။ သူဟာ အခုအချိန်မှာတော့ အင်္ဂလန်ကိုလာဖို့ အင်္ဂလိပ်စာကို သင်ယူနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် အာဆင်နယ်အသင်းနဲ့လည်း ဆေးစစ်မှုတွေတောင်ခံယူပြီးပြီလို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။
( Paing A K )
#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : Mirror
0 comments :
Post a Comment