Powered by Blogger.

ပွဲပယ်ခံကစားသမားကို ထည့်ကစားခဲ့တဲ့ ရီးရဲလ်အသင်း စပိန်ဘုရင့်ဖလားကနေ ထုတ်ပယ်ခံရနိုင်



ရီးရဲလ်မက်ဒရစ်အသင်းဟာ မနေ့ညက ကတ်ဒစ်အသင်းနဲ့ကစားခဲ့တဲ့ စပိန်ဘုရင့်ဖလားပွဲစဉ်မှာ ပွဲပယ်ပြစ်ဒဏ်ရှိနေတဲ့ ကစားသမား  Denis Cheryshev  ကို ထည့်သွင်း ကစားခဲ့တာကြောင့် ပြိုင်ပွဲကနေ ထုတ်ပယ်ခံရနိုင်ဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ကတ်ဒစ်အသင်းဥက္ကဌ Manuel Vizcaino ကတော့ ဒီကိစ္စကို တရားဝင်တိုင်ကြားမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး ရီးရဲလ်အသင်းအနေနဲ့လည်း ပြိုင်ပွဲကနေ ထွက်ခွာပေးရဖွယ်များနေပါတယ်။


အလားတူ ဖြစ်ရပ်အနေနဲ့ စပိန်ကလပ် အိုဆာဆူနာအသင်းဟာလည်း စက်တင်ဘာလအတွင်းက ပွဲပယ်ခံထားရတဲ့ကစားသမား  Unai Garcia ကို ထည့်သွင်းကစားခဲ့တာကြောင့် ဘုရင့်ဖလားပြိုင်ပွဲကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ ရုရှားကစားသမား Cheryshev ဟာ ဗီလာရီးရဲလ်အသင်းကို အငှားသွားရောက်ကစားစဉ်တုန်းက စပိန်ဘုရင့်ဖလား မှာ အဝါကတ်သုံးကတ်ပြည့်ခဲ့တာကြောင့် ပွဲပယ်ပြစ်ဒဏ်ကျခံခဲ့ရတာပါ။ ပွဲပယ်ပြစ်ဒဏ်ကျန်နေသေးတာကို မသိခဲ့လို့သာ ရီးရဲလ်က ထည့်သွင်းကစားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


သိသိချင်းမှာတော့  ရီးရဲလ်နည်းပြ Benitez ကတော့ Cheryshev ကို ဒုတိယပိုင်း စပြီး စက္ကန့်လေးဆယ် အကြာမှာ လူစားလဲပေးခဲ့ပါတယ်။သူဟာ အသင်းအတွက် အဖွင့်ဂိုးကို ပွဲအစ သုံးမိနစ်မှာ သွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမားပါ။ အဖွင့်ဂိုးကို Cheryshev  သွင်းယူနိုင်ခဲ့တဲ့ နောက်မှာတော့ ရီးရဲလ်အသင်းက အနိုင်ဂိုးတွေကို ထပ်သွင်းနိုင်ခဲ့ပြီး သုံးဂိုး တစ်ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒါ့ကြောင့် ပွဲပယ်ခံကစားသမားကို ထည့်သွင်းကစားခဲ့တဲ့ ရီးရဲလ်အသင်းကို အရေးယူပေးဖို့အတွက် Vizcaino ကတော့ စပိန်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေကို အယူခံလွှာတင်သွင်းဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။




" ဒီအခြေအနေကို အမြန်ဆုံးဖြတ်ပေးစေလိုပါတယ်။ ကျွန်တော်တို့ ဘုတ်အဖွဲ့ အစည်းအဝေးမှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ မဆီလျော်တဲ့ လူစားလဲမှုကို အရေးယူခိုင်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဘောလုံးလောကရဲ့ ဒဿနတွေကို လေးစားဖို့ လုပ်ဆောင်ရတာပါ။ ကျွန်တော်တို့အသင်းက ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတာကြောင့် အခုလိုလုပ်ရတာ စိတ်တော့မကောင်းပါဘူး။ ကျွန်တော်တို့ မနက်ဖြန်မှာ ရီးရဲလ်အသင်းက တာဝန်ရှိသူတွေကို ခေါ်ထားပြီး တရားမျှတမှုအတွက် ဆုံးဖြတ်သွားမှာပါ " လို့ ကတ်ဒစ်အသင်းဥက္ကဌ Manuel Vizcaino က ပြောပါတယ်။


ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်အသင်းရဲ့ စည်းမျဉ်းစည်းကမ်းတာဝန်ရှိသူ တစ်ယောက်ကတော့ ကစားသမားဟာ ပွဲပယ်ပြစ်ဒဏ်ကို ကျခံခဲ့ပြီးဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ရီးရဲလ်နည်းပြ Benitez ကတော့ " အသင်းကတော့ ဒီကိစ္စတွေကို မသိပါဘူး။ ကျွန်တော်တို့ အကောင်းဆုံး ကစားနိုင်ဖို့အတွက် သူ့ကို ထည့်သွင်းကစားခဲ့တာပါ။ သူ့ရဲ့ ပွဲပယ်ပြစ်ဒဏ်နဲ့ ပတ်သက်ပြီးတော့လည်း ဗီလာရီးရဲလ်အသင်းက ဘာမှ အကြောင်းမကြားထားပါဘူး။ ဒီဖြစ်စဉ်တွေကို ကျွန်တော်တို့အသင်း မသိခဲ့ပါဘူး။  ကျွန်တော်တို့ အကောင်းဆုံး ကစားနိုင်ခဲ့ပြီးတော့ ကစားသမားတွေ အကောင်းဆုံး လုပ်ပြနိုင်ခဲ့တာကိုပဲ ကျေနပ်မိပါတယ် " လို့ ပြောပါတယ်။


ကတ်ဒစ်အသင်းပရိသတ်တွေကတော့ ဒီကိစ္စကို ရေဒီယိုနဲ့ လူမှုကွန်ရက်တွေကနေ
သိရှိခဲ့ရတဲ့နောက်မှာတော့ " Benitez မင်း twitter ကို ဖွင့်ကြည့်ပါအုံး " ၊ " Cheryshev ရေ မင်းကို အရမ်းချစ်တာပဲ "  ဆိုတဲ့ စာသားတွေကို twitter ပေါ်ကနေ နောက်ပြောင်ခဲ့ကြပါတယ်။ ဒီဖြစ်စဉ်ကိုတော့ ဘာစီလိုနာ အသင်းနောက်ခံကစားသမား Pique ကလည်း ပြီးခဲ့တဲ့နှစ် စပိန်ဘုရင့်ဖလားမှာ  ဘာကာတိုက်စစ်မှူး Suarez ကို ပြစ်ဒဏ်လုပ်ခဲ့တဲ့ Cheryshev  ကို မျက်ရည်ထွက်အောင်ရယ်နေတဲ့ emoji တွေနဲ့ နောက်ပြောင်ခဲ့ပါတယ်။



(Paing A K)

# သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail



Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment