ကွင်းအဆင့်မြှင့်တင်ရေး စီမံကိန်းတွေကို မိတ်ဆက်ခဲ့တဲ့ ချယ်လ်ဆီး
စတမ်းဖို့ဒ်ဘရစ်ခ်ျကွင်းကို အဆင့်မြှင့်တင်မှုအစီအစဉ်တွေ လုပ်ဆောင်လျက်ရှိပြီး ပရိသတ်ခြောက်သောင်းဆန့်အဖြစ် ပြောင်းလဲ့ပြီးတော့ အင်္ဂလန်နိုင်ငံရဲ့ အကောင်းဆုံးကွင်းတွေထဲက တစ်ခုအဖြစ် တည်ဆောက်သွားဖို့ ကြံရွယ်ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာတော့ အပြာရောင်တပ်သားတွေဟာ ပေါင်သန်းခြောက်ရာတန်ကြေးရှိပြီး သုံးနှစ်အတွင်းပြီးစီးအောင် ဆောက်လုပ်သွားမယ့် စီမံကိန်းကို အတိအကျ ချပြခဲ့တာကြောင့် စီမံကိန်းကို လာမယ့်နွေရာသီမှာ စတင်နိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။
ဒါ့ကြောင့် ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့ ကွင်းမှာ ၂၀၂၀-၂၀၂၁ ရာသီအစမှာမှာ စတင်ကစားနိုင်မှာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ကွင်းပုံစံကို သူတို့ခန့်မှန်းထားသလို ဖြစ်မလာတာကြောင့် စိတ်ပျက်ခဲ့ကြပြီး ဒီလိုအစီအစဉ်တွေမချပြခင်မှာ ကွင်းသစ်ပုံစံဟာ ရေစစ်ပုံ ၊ ဆန်ကာခုံးပုံ ၊ ကြက်ဥအပါးလှီးစက်ပုံ အစရှိသဖြင့် ခန့်မှန်းခဲ့ကြတာပါ။
အသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျရဲ့ဒီဇိုင်းအဖွဲ့ကတော့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ နာမည်ကျော် အလိုင်းယန့်အရီနာကွင်းနဲ့ ဘေဂျင်းက ငှက်သိုက်ပုံ အားကစားကွင်းတို့ကို တည်ဆောက်ခဲ့တဲ့
Herzog & de Meuron ဒီဇိုင်းအဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ ပရိသတ်တွေကတော့ အခုလက်ရှိ စတမ်းဖို့ဒ်ဘရစ်ခ်ျကွင်းထဲက သမိုင်းဝင်ပွဲကြည့်စင်တွေကိုလည်း ကွင်းသစ်မှာ ယခုအတိုင်းဆက်ရှိနေဖို့ ဆန္ဒပြုခဲ့ကြပြီး ကွင်းတည်ဆောက်သူတွေကတော့ ပွဲကြည့်စင်တွေ ဘယ်လိုဖြစ်မယ်ဆိုတာ အတိအကျမပြောနိုင်သေးဘူးလို့ သိရပါတယ်။
ပရိသတ်တွေအတွက် သတင်းကောင်းတစ်ခုကတော့ ပွဲကြည့်စင်တွေနဲ့ ကွင်းမျက်နှာပြင်ဟာ ပိုမိုနီးကပ်သွားမှာဖြစ်ပြီး ကစားသမားတွေနဲ့ ၇.၄ မီတာ အကွာကနေ အားရပါးရ ကြည့်ရှုနိုင်တော့မှာလည်း ဖြစ်ပါတယ်။ ပြသထားတဲ့ ပုံစံတွေအရတော့ ကွင်းကြီးကို အုတ်တိုင်ကြီး ၂၆၄ တိုင်နဲ့ မြုံထားမှာဖြစ်ပြီး အတွင်းကနေဖန်ချပ်တွေနဲ့ ဆက်သွယ်ပြီး ကွင်းရဲ့ နံရံနဲ့အမိုးတွေ အဖြစ်ပုံဖော်ပေးမှာဖြစ်ပါတယ်။
ဒါ့ကြောင့် အသင်းက သမိုင်းဝင်ဓာတ်ပုံတွေကိုလည်း ငွေရောင်ပုံစံနဲ့ မီးမောင်းထိုး ပြသထားနိုင်မှာဖြစ်ပြီး ခန့်ခန့်ညားညားဖြစ်စေမှာပါ။ အခုလိုအတည်ပြု အစီအစဉ်တွေကိုတော့ ဟမ်းမားစမစ်နဲ့ ဖူလ်ဟမ်မြို့တော်ဝင်ကောင်စီတွေကို တင်ပြရအုံးမှာဖြစ်ပြီး အပြီးသတ်ညှိနှိုင်းမှုတွေကိုတော့ နောက်နှစ် ဇန်နဝါရီလ ၈ ရက်နေ့မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ အားကစားကွင်းအစီအစဉ်တွေ ပြီးဆုံးသွားရင်တော့ စားသောက်ဆိုင်တစ်ခု ၊ ကဖီးနဲ့ အသင်းပြတိုက်တစ်ခုပါ ထပ်တိုးပါဝင်လာမှာဖြစ်ပြီး အသင်းရဲ့ ပရိသတ်ဦးရေကလည်း ၆၀၀၀၀ အထိဝင်ဆံ့မှာဖြစ်တယ်လို့ သိရပါတယ်။
(Paing A K)
# သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : Dailymail
0 comments :
Post a Comment