Powered by Blogger.

တရုတ်စူပါလိဂ်ကို မျက်စိကျနေတဲ့ Rooney





မန်ယူအသင်းတိုက်စစ်မှူး  Wayne Rooney ကတော့ တရုတ်စူပါလိဂ်မှာ သူ့ရဲ့ ကစားသမားဘဝကို ပြန်လည်တောက်ပချင်နေတယ်လို့ သိရပါတယ်။ အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ အင်္ဂလန်တိုက်စစ်မှူးဟာဆိုရင်တော့ သူ့ရဲ့ အိုးထရက်ဖို့ဒ်သက်တမ်းက သုံးနှစ်လောက်အထိ ကျန်ရှိနေသေးပေမယ့်လည်း လာမယ့်အနာဂတ်အတွက် ချဉ်းကပ်မှုတွေကို စတင်ပြုလုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

 တရုတ်စူပါလိဂ်ကလည်း Rooney ကို ငွေကြေးကုန်ကျခံခေါ်ယူဖို့ စိတ်ဝင်စားနေပြီး  တရုတ်ဘောလုံးလောကကို လူသိများပြီး ကမ္ဘာနဲ့ ရင်ဘောင်တန်းဖြစ်အောင် စီစဉ်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။

အဲ့ဒီလို ပြုလုပ်နိုင်ဖို့အတွက် ကမ္ဘာကျော် ကစားသမားဟောင်းတွေကို ခေါ်ယူဖို့ ကြိုးစားနေခဲ့ပြီးတော့ Rooney ကလည်း အဓိက ပစ်မှတ်အဖြစ် ရပ်တည်နေတာလည်း ဖြစ်ပါတယ်။ တရုတ်အစိုးရကိုယ်တိုင်က ဘောလုံးလောကကို ငွေကြေးသုံးစွဲပြီး အကောင်ဆုံးဖြစ်စေဖို့ စွမ်းဆောင်လျက်ရှိပြီး Robinho, Tim Cahill နဲ့ Demba Ba တို့လို ပရီးမီးယားလိဂ် ကစားသမားဟောင်းတွေကို လက်ရှိမှာ ခေါ်ယူကစားလျက်ရှိနေတာပါ။

အင်္ဂလန်အသင်းနည်းပြဟောင်းဖြစ်တဲ့ Sven Goran Eriksson  ဟာလည်း  Shanghai SIPG အသင်းကို နည်းပြလျက် ရှိနေပြီး ဘရာဇီးနည်းပြဟောင်း Scolari ဟာလည်း Guangzhou Evergrande အသင်းကို နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်လျက် ရှိတယ်လို့ သိရပါတယ်။

ဒါကြောင့်နာမည်ကျော် တိုက်စစ်မှူး Rooney ဟာလည်း အသက်အရွယ်နဲ့ ခြေစွမ်းပိုင်းအနေအထားတွေအရ အနာဂတ် ပရီးမီးယားလိဂ်မှာ ဆက်ကစားဖို့ အစီအစဉ်မရှိတော့ဘဲ သူ့အတွက် အကောင်းဆုံးနေရာကို အာမခံပေးထားနိုင်မယ့် နေရာတစ်ခုကို ပြောင်းရွှေ့လိုနေတာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် မန်ယူအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့မယ်ဆိုရင်တော့ သူ့အနေနဲ့ အခြား ဥရောပကလပ်တွေကို ပြောင်းဖို့ အစီအစဉ်မရှိဘဲ သူ့ကို ဘောလုံးလိဂ်တစ်ခုလုံးရဲ့ ပြယုဂ်သဏ္ဍာန်ဖြစ်နေစေမယ့် တရုတ်စူပါလိဂ်ကို အခြေချချင်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။

 အခုလောလောဆယ်မှာတော့ Rooney ဟာ အသင်းမှာပဲ အကောင်းဆုံး ခြေစွမ်းပြနိုင်အောင် ကြိုးစားလျက်ရှိပြီး ၁၁ ပွဲမှာ ၂ ဂိုးသာ သွင်းယူထားနိုင်တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။


(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment