Powered by Blogger.

Neymar ဟာ ဘယ်ဘောလုံးလိဂ်မှာမဆို ကောင်းကောင်းကစားနိုင်တယ်လို့ Ronaldinho ပြော



ဘရာဇီးဂန္တဝင် ကစားသမားကြီး Ronaldinho ကတော့ လက်ရှိဘာစီလိုနာရဲ့ အဓိကတိုက်စစ်မှူး Neymar ဟာဆိုရင် ဘယ်ဘောလုံးလိဂ်မှာမဆို ကောင်းကောင်းကစားနိုင်တယ်လို့ ပြောပါတယ်။ Neymar ဟာ စပိန်နိုင်ငံရဲ့ အခွန် အရှုပ်အထွေးတွေကြောင့် ဘာစီလိုနာကို စွန့်ခွာရနိုင်တယ်လို့ Neymar ရဲ့ ဖခင်က ဝန်ခံခဲ့ပြီးနောက်မှာတော့ Ronaldinho က သူဟာ ပရီးမီးယားလိဂ်အပါအဝင် ဘယ်ဘောလုံးလိဂ်မှာမဆို ကောင်းကောင်းကစားနိုင်တယ်လို့ အားပေးလိုက်တာပါ။

အခုလို စကားသံတွေ ထွက်ပေါ်လာတာကြောင့် Neymar ကို ကာလရှည် စိတ်ဝင်စားနေတဲ့ မန်ယူအသင်းအတွက် မီးစိမ်းပြလိုက်သလို ဖြစ်သွားပြီး လာမယ့်နွေရာသီမှာ ခေါ်ယူဖို့ ကြိုးစားသွားဖွယ် ရှိနေတာပါ။ အကယ်လို့ မန်ယူက Neymar ကို ခေါ်ယူဖြစ်မယ်ဆိုရင် စာချုပ်လျော်ကြေးအဖြစ် ပေါင်သန်း ၁၄၀ အထိ ပေးချေသွားရမှာလည်း ဖြစ်ပါတယ်။

၂၀၀၃ ခုနှစ်တုန်းက Ronaldinho ဟာလည်း ယူနိုက်တက်ကို ရောက်ရှိတော့မလိုဖြစ်ခဲ့ပေမယ့် ကစားခွင့်မကြုံခဲ့ပါဘူး။ ဒါ့ကြောင့် အသက် ၂၃ နှစ်အရွယ် Neymar သာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ အခွင့်အရေးရခဲ့ရင် သွားရောက်ကစားသင့်တယ်လို့ Ronaldinho က တိုက်တွန်းလိုက်တာပါ။


" Neymar က လက်ရှိ အကောင်းဆုံးခြေစွမ်းနဲ့ ကစားနေတဲ့သူလေ။ သူဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ယောက်ပါ။ သူငယ်တည်းက အရည်အချင်းတွေက ပေါ်လွင်နေခဲ့တယ်။ အခု ဒီအသက်အရွယ်မှာတော့ ကောင်းသထက်ပိုကောင်းအောင် ကစားနိုင်မှာပါ။ သူကအခုလိုခြေစွမ်းကို နောက်ထပ် လေး၊ငါးနှစ်တော့ ပြသထားနိုင်အုံးမှာပဲ။ သူက ဘယ်ဘောလုံးလိဂ်မှာမဆို အကောင်းဆုံးကစားနိုင်ပါလိမ့်မယ်။ အကူးအပြောင်းကာလ ခဏတာကတော့ ခက်ခဲတတ်ကြတာချည်းပါပဲ။ ဒါပေမယ့်သူ့ခြေစွမ်းကတော့ ဘယ်နေရာမှာမဆို ထွန်းတောက်နိုင်မှာပါ  " လို့  Ronaldinho က ပြောပါတယ်။


Neymar ရဲ့ဖခင်ဖြစ်သူအေးဂျင့်ဟာ Neymar ဘရာဇီးလ်ကလပ် ဆန်းတို့စ်အသင်းကနေ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့တဲ့ ဖြစ်ရပ်မှာ အပြောင်းအရွှေ့ အခွန် စည်းမျဉ်းတွေကို ဖောက်ဖျက်ခဲ့တယ်လို့ စွပ်စွဲခံထားရတယ်လို့လည်း သိရပါတယ်။ ဘာစီလိုနာဟာ Neymar အတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင်သန်းလေးဆယ်လို့ ဖော်ပြခဲ့ပေမယ့် တကယ်တော့ ပေါင်သန်း ခုနှစ်ဆယ်အထိ သုံးစွဲခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ဘာကာဥက္ကဌဟောင်းဖြစ်တဲ့ Sandro Rosell ကတော့ ရာထူးကနေ နှုတ်ထွက်ခဲ့ပြီး လက်ရှိဥက္ကဌ Bartomeu လက်ထက်မှာလည်း အပြောင်းအရွှေ့မှာ အခွန်ရှောင်လွဲမှုနဲ့ စစ်ဆေးခံနေရဆဲဖြစ်ပါတယ်။



(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment