လူမှန်နေရာမှန်ပွဲထုတ်တတ်တဲ့သူလို့ နည်းပြ Klopp ကို တိုက်စစ်မှူးOrigi ညွှန်းဆို
လီဗာပူးလ်အသင်းရဲ့ လူငယ်တိုက်စစ်မှူး Divock Origi ဟာ နည်းပြဟောင်း Rodgers ရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေထက်စာရင် Klopp ရဲ့ လေ့ကျင့်ခန်းတွေကို ပိုကြိုက်တယ်လို့ ပြောပါတယ်။ Klopp ဟာ ကစားသမားတွေရဲ့ အားသာချက်တွေကို သိရှိပြီးတော့ လူမှန်နေရာမှန် ပွဲထုတ်တတ်သူလို့ Origi က မှတ်ချက်ပေးခဲ့ပါတယ်။ Origi ဟာ နည်းပြဟောင်း Rodgers လက်ထက်မှာ အသင်းကို ရောက်ရှိခဲ့ပြီး လိုင်လီအသင်းကို အငှားစာချုပ်နဲ့ သွားကစားစေခဲ့ပါတယ်။
ဒဏ်ရာရကစားသမားတွေ များပြားနေတဲ့ လီဗာပူးလ်အသင်းမှာ Origi ဟာ
နည်းစနစ်အမှန်နဲ့ ခြေစွမ်းတွေ ပြနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ " နည်းပြတိုင်းမှာ မတူညီတဲ့ လေ့ကျင့်တဲ့ နည်းစနစ်တွေရှိကြပါတယ်။ Klopp ရဲ့ နည်းဗျူဟာတွေကတော့ ကစားသမားတိုင်း သဘောပေါက်လွယ်ပြီး လူတိုင်းကို အကျိုးပြုစေပါတယ်။ ဒါဟာ ကစားသမားတိုင်း လေ့ကျင့်ရေးကွင်းကို လာစေချင်တဲ့ အကြောင်းရင်းတစ်ခုပါပဲ။ သူ့ရဲ့ ကစားကွက်အမြင်နဲ့ သူ့ရဲ့နည်းလမ်းတွေက တအားကို ရှင်းလင်းပြီး ကောင်းမွန်လှပါတယ်။ " လို့ Origi က ပြောပါတယ်။
Klopp ဟာ Origi ကိုယ်တိုင် အားသန်တဲ့ အဓိကတိုက်စစ်မှူးနေရာမှာ ကစားခိုင်းခဲ့ပြီး အရင်နည်းပြဟောင်းကတော့ တိုက်စစ်နေရာစုံမှာ ကစားခိုင်းခဲ့တာပါ။ ဒါကြောင့် Origi က " ကျွန်တော်ကတော့ ဂိုးသွင်းရမယ့် အနေအထားပုံစံမျိုးကို ကြိုက်တယ်။ တိုက်စစ်မှူးတစ်ယောက်မှာ ရှိသင့်တဲ့ ထိန်းချုပ်နိုင်မှုတွေ ကျွန်တော့်မှာ ရှိနေပြီ ထင်ပါတယ်။ ကျွန်တော်က ခံစစ်ကစားသမားတွေနဲ့ ရင်ဆိုင်ကစားရတာမျိုးကို နှစ်သက်ပါတယ်။ နည်းပြဟာ ဘယ်ကစားသမား ဘယ်နေရာအားအသန်ဆုံးဆိုတာ အတော်လေးကို သိမြင်တဲ့သူပါ " လို့ ပြောပါတယ်။
(Paing A K)
#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : Goal.com
0 comments :
Post a Comment