Powered by Blogger.

Jurgen Klopp နှင့် လီဗာပူးလ်အသင်းတို့ သဘောတူလက်မှတ်ရေးထိုး



အသက် ၄၈ နှစ်ရှိပြီဖြစ်တဲ့ ဂျာမန်နည်းပြဟာ ကြာသပတေးနေ့ နေ့လည်က ဒေါ့မွန်မြို့ ဂျွန်လန်နွန်လေဆိပ်ကနေ လီဗာပူးလ်မြို့ကို စင်းလုံးငှားလေယာဉ်တစ်စီးနဲ့ ရောက်လာခဲ့တာပါ။ ညနေပိုင်းမှာတော့ စာချုပ်ချုပ်ဆိုခဲ့ပြီး စာချုပ်သက်တမ်းသုံးနှစ်နဲ့ တစ်နှစ်လုပ်ခ ပေါင်ခုနစ်သန်းတန်ကြေးရှိတယ်လို့ သိရပါတယ်။

သူ့ရဲ့လက်ထောက်နည်းပြတွေဖြစ်တဲ့ Buvac နဲ့ Peter Krawietz တို့ကိုလည်း စာချုပ်ချုပ်သွားမယ်လို့ ခန့်မှန်းရပါတယ်။
တစ်ချိန်တည်းမှာပဲ မာဆေးဆိုက်ကလပ်ဟာ နည်းပြဟောင်း Rodgers ရဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ Sean O' Driscoll , Glen Driscoll နဲ့ Chris Davies တို့ဟာလည်း နုတ်ထွက်သွားပြီလို့ ထုတ်ပြန်ခဲ့တာပါ။ နောက်ထပ်အဖွဲ့ဝင်ဖြစ်တဲ့ Gary McAllister ကတော့ အသင်းရဲ့ သံတမန်တစ်ယောက်အဖြစ် ဆက်ရှိနေအုံးမယ်လို့ သိရပါတယ်။

Klopp ဟာ နည်းပြ Rodgers ရဲ့ ရာသီအစမှာ ရလဒ်ကျဆင်းခဲ့မှုတွေကို ရပ်တန့်ပေးဖို့ အဓိကတာဝန်အဖြစ် ကိုင်တွယ်ရမှာပါ။
လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်မှာ နိုင်ပွဲသုံးပွဲသာ ရရှိထားပြီး ယူရိုပါလိဂ်မှာတော့ နိုင်ပွဲမရှိသေးပါဘူး။ လိဂ်ဖလားမှာလည်း
အောက်အသင်းဖြစ်တဲ့ Carlisle အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့သာ အနိုင်ရခဲ့ပါတယ်။

နည်းပြ Rodgers ဟာ မနှစ်က ပရီးမီးယားလိဂ်မှာ အဆင့်ခြောက်နေရာသာ ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် အသင်းပိုင်ရှင် Fensway အားကစားကုမ္ပဏီက Klopp ကို နွေအပြောင်းအရွှေ့မှာတည်းက ချဉ်းကပ်ခဲ့တာပါ။ ဒါပေမယ့် Klopp က
ငြင်းဆန်ခဲ့တာကြောင့် အပြောင်းအရွှေ့မဖြစ်ခဲ့ပဲ ပျက်ပြယ်ခဲ့တာပါ။

Klopp ဟာ ဒေါ့မွန်အသင်းကိုလည်း ရလဒ်ပိုင်း အကျပ်အတည်းဖြစ်နေတဲ့ ၂၀၀၈ ရာသီမှာ စတင်ကိုင်တွယ်ခဲ့ပြီး တတိယရာသီအရောက်မှာ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ အထိအောင်မြင်ခဲ့တာပါ။ ဒါကြောင့် အသင်းကို ပြန်လည် တည်ဆောက်ရာမှာ ထက်မြက်တဲ့ Klopp ကို လီဗာပူးလ်အသင်းက ဖြေဆေးအနေနဲ့ ခေါ်ယူလိုက်တာလည်းဖြစ်ပါတယ်။

Klopp ဟာ အသင်းပိုင်ရှင် FSG ရဲ့ ထောက်ခံမှုကို အဓိက ရရှိထားတယ်လို့လည်း သိရပါတယ်။ ဒါကြောင့် Klopp အနေနဲ့ ပွဲဦးထွက်ယှဉ်ပြိုင်ရမယ့် စပါးအသင်းနဲ့ပွဲစဉ်မှာ ဘယ်လိုရလဒ်ကို ရယူပေးနိုင်မလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။


(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment