Powered by Blogger.

ဘရူနိုင်းကို ဂိုးပြတ်သွင်းပြီး မြန်မာအသင်း နိုင်ပွဲရယူ




အာရှယူ-၁၉ ခြေစစ်ပွဲ အုပ်စု(G)ဒုတိယနေ့ပွဲစဉ်များကို ယနေ့ညနေပိုင်းက သုဝဏ္ဏကွင်း၌ ဆက်လက်ယှဉ်ပြိုင်ကစားသည်။

မြန်မာ ၄-၀ ဘရူနိုင်း

အိမ်ရှင်မြန်မာအသင်းမှာ ပွဲဦးထွက်ပွဲစဉ်၌ ပုံစံကောင်းပြသပြီးဂိုးပြတ်အနိုင်ရလဒ်နှင့်အတူ အနိုင်သုံးမှတ် စတင်ရယူနိုင်ခဲ့သည်။ ကစားပုံအားနည်းသည့် ဘရူနိုင်းအသင်းကြောင့်လည်း မြန်မာအသင်းစိတ်ကြိုက်ကစားနိုင်ခဲ့ပြီး ပထမပိုင်းတွင် သုံးဂိုး၊ ဒုတိယပိုင်းတွင် တစ်ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။ ယခုပွဲကိုအာရှဘောလုံး အဖွဲ့ချုပ်၏ ကွင်းပိတ်ပြစ်ဒဏ်ကြောင့် ပရိသတ်မပါဘဲကစားခဲ့ရသော်လည်း အိမ်ရှင်မြန်မာတို့နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းမှာ ယခုပွဲတွင်လူမစုံနိုင်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ဒဏ်ရာရရှိနေသည့်အသင်းခေါင်းဆောင် ရဲရင့်အောင်နှင့်နောက်ခံလူ စိုးမိုးထွန်းတို့ အပါအဝင်လူစုံခဲ့သည်။ ဘရူနိုင်းအသင်းက ခံစစ်အသားပေးကစားသောကြောင့် မြန်မာအသင်း ပွဲစကတည်းက တစ်ဖက်သတ်ဖိကစားနိုင်ခဲ့ပြီး ခုနစ်မိနစ်တွင်ပင်နယ်တီကန်ခွင့်ရရှိခဲ့သည်။ ရွှေကိုကြောင့်ရရှိသည့် ပင်နယ်တီကိုကွင်းလယ်လူ ဇင်ဖြိုးအောင်ကသွင်းယူခဲ့ခြင်းဖြစ်သည်။ ဂိုးရပြီးနောက်ပိုင်းတွင် မြန်မာအသင်း စိတ်ကြိုက်ဖိကစားသွားပြီး ၂၆ မိနစ်တွင် ပြစ်ဒဏ်ဘောမှတစ်ဆင့် ရဲရင့်အောင်ကဒုတိယဂိုး၊ ၂၈ မိနစ်တွင် ထူးခန့်လွင်က တတိယဂိုးတို့ကို သွင်းယူခဲ့သည်။

ဒုတိယပိုင်းအစတွင် မြန်မာအသင်းဂိုးထပ်ရခဲ့ပြီး တိုက်စစ်မှူး အောင်ဇင်ဖြိုးက နောက်ခံလူများကိုကျော်ကာသွင်းယူခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ပိုင်းတွင် မြန်မာအသင်း ဆက်လက်ဖိကစားနိုင်သော်လည်း ဂိုးထပ်မံမသွင်းနိုင်တော့ပေ။ မြန်မာအသင်း၏ခြေစွမ်းမှာ ယခင်ကထက် တိုးတက်မှုများရှိလာသော်လည်း တစ်ဦးချင်းထိုးဖောက်မှုများနေ၍ တိုက်စစ်ဆင်မှုအချို့မှာ ထိရောက်မှုမရှိခဲ့ပေ။ယခုပွဲအပြီးတွင် တီမောအသင်းကနှစ်ပွဲကစားတစ်ပွဲနိုင်၊ တစ်ပွဲသရေလေးမှတ်၊ မြန်မာနှင့်ဗီယက်နမ်အသင်းတို့က တစ်ပွဲကစားတစ်ပွဲနိုင် သုံးမှတ်စီ၊ဟောင်ကောင်အသင်းက နှစ်ပွဲကစား၊တစ်ပွဲသရေ၊ တစ်ပွဲရှုံး တစ်မှတ်တို့ရရှိထားပြီး ဘရူနိုင်းအသင်းမှာနှစ်ပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။ပထမပွဲစဉ်တွင် တီမောအသင်းနှင့်ဟောင်ကောင်အသင်းတို့ ဂိုးမရှိသရေကျသွားသည်။ ဟောင်ကောင်အသင်းမှာ နိုင်ပွဲစတင်ရရှိရန် ကြိုးပမ်းခဲ့သော်လည်း သရေတစ်မှတ်ဖြင့်သာကျေနပ်ခဲ့ရပြီး တီမောအသင်းမှာလည်း နှစ်ပွဲဆက်နိုင်ပွဲရယူနိုင်မည့်အခွင့်အရေးလက်လွှတ်ခဲ့ရသည်။

တတိယနေ့ ပွဲစဉ်များကိုအောက်တိုဘာ ၂ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ညနေ ၃နာရီခွဲတွင်ဗီယက်နမ်နှင့် ဘရူနိုင်း၊ ညနေ၆နာရီခွဲတွင် မြန်မာနှင့် တီမောအသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ှSource : NPE
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment