Powered by Blogger.

မနာလိုသူတွေ ပေါပေမယ့်လည်း နံပါတ်တစ်ဖြစ်နေဆဲပဲလို့ ရော်နယ်ဒို ပြောကြား


ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူး Ronaldo (ရော်နယ်ဒို)ကတော့ ကစားသမားဘဝမှာ ချန်ပီယံလိဂ်ဆုဖလားကို  သုံးကြိမ်မြောက်ရယူပြီးတဲ့အချိန်မှာ အခုလိုပဲ ပြောကြားလိုက်တာဖြစ်ပါတယ်။ သူ့မှာ ဘောလုံးကစားအားက အမြင့်ဆုံးနေရာမှာ ကျန်နေသေးပြီး ကောင်းကောင်းကစားနိုင်သေးတယ်လို့ ပြောကြားလိုက်တာပါ။

Ballon d’Or ဆုကို သုံးကြိမ်ရရှိထားတဲ့ ရော်နယ်ဒိုဟာ စနေနေ့ညက ကစားခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်မှာ မိနစ် ၁၂၀ လုံး ခြေမပေါ်ခဲ့ပေမယ့် နောက်ဆုံးအဆုံးအဖြတ်ပင်နယ်တီကို အဝင် ကန်သွင်းယူခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းကို ၁၁ ကြိမ်မြောက် ချန်ပီယံလိဂ် ချန်ပီယံဖြစ်စေခဲ့တာပါ။

အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ သိသိသာသာခြေစွမ်းကျဆင်းနေတာကြောင့် မီဒီယာတွေက ဝေဖန်ခဲ့ကြပြီး နောက်ဆုံးပင်နယ်တီမှ သူရဲကောင်းလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ရော်နယ်ဒိုက အခုလိုပဲ ပြန်လည်တုံ့ပြန်ပြောကြားလိုက်တာပါ။

ရော်နယ်ဒိုက “ ကျွန်တော်ကတော့ ဒီရာသီအသင်းမှာ နံပါတ်တစ်ပါပဲ။ အသင်းရဲ့ မိနစ်အများစုမှာပေါ့။ ကျွန်တော် မိနစ် ၄၀၀၀ ကျော် ကစားခဲ့တယ်။ ဒီမှတ်တမ်းတွေက ကျွန်တော့်အရည်အချင်းကို သက်သေပြတာပဲ။ ဒါတွေက ကျွန်တော်အကောင်းဆုံးကစားနိုင်သေးတယ်ဆိုတာကို သက်သေပြနေတာပါ။ ကျွန်တော်ကတော့ စိတ်ရောကိုယ်ပါ ကြံ့ခိုင်ပါတယ်။ ကျွန်တော်က ဒီပြိုင်ပွဲ (ချန်ပီယံလိဂ်) မှာ သွင်းဂိုး ၁၆ ဂိုးနဲ့ ဂိုးသွင်းဘုရင်တစ်ယောက်ပါ။ ”

“ခင်ဗျား ကျွန်တော့်ကို ပင်ပန်းနေလားဆိုတဲ့ မေးခွန်းကိုမေးမယ်ဆိုရင်တော့ ဒါပေါ့လို့ ဖြေရမယ်။ ကျွန်တော့် ခြေထောက်တွေမှာက မိနစ်ပေါင်းများစွာ ကစားထားတဲ့ ဒဏ်တွေရှိနေတယ်လေ။ ဒါပေမယ့် ကျွန်တော်ဒီနေရာမှာရှိနေတုန်းပဲ။ ကျွန်တော် အမြဲတမ်းရှိနေအုံးမှာပဲ။ ကျွန်တော်က အသင်းကို အကောင်းတွေရော ၊ အဆိုးတွေပါ ပေးခဲ့တယ်။ ဒါက ကျွန်တော့်ကိုယ် ကျွန်တော် ဂုဏ်ယူမိတယ်။ ကျွန်တော့်ရဲ့ ဖိုင်နယ်ပွဲက ခြေစွမ်းက အကောင်းဆုံး အနေအထားမှာ ရှိမနေခဲ့ဘူးဆိုတာဟုတ်နိုင်တယ်။ ဒါပေမယ့်လည်း ဘယ်သူကရော အဲ့ဒီပွဲမှာ မယုံကြည်နိုင်လောက်တဲ့အရည်အချင်းကို ပြခဲ့လို့လဲ။ ”

“ဘယ်သူမှ မပြနိုင်ခဲ့ပါဘူး။ ဒီပွဲက ခက်ထန်ပါတယ်။ ရာသီရဲ့ အဆုံးသတ်ပဲလေ။ ခင်ဗျားအနေနဲ့ ရာသီအစတည်းက ကစားခဲ့ရရင် ဒီအချိန်မှာ ကစားအားရှိမှာ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော့်မှာ ရှိသေးတယ်။ ကျွန်တော်ပြေးလွှားနိုင်သေးတယ်။ အနိုင်ရအောင် ကစားနိုင်သေးတယ်။ ဒါက အရေးကြီးပါတယ်။ ကျွန်တော့်ရဲ့ သုံးကြိမ်မြောက် ချန်ပီယံလိဂ်ဆုဖလားကတော့ မယုံနိုင်စရာပါပဲ” လို့ ရော်နယ်ဒို က ပြောကြားခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်အသင်းကတော့ အသင်းအတွက် ၁၁ ကြိမ်မြောက် ချန်ပီယံလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးတဲ့နောက်မှာ ဘာနေဗျူးကွင်းမှာ အောင်ပွဲခံအခမ်းအနားကို ခမ်းခမ်းနားနားကျင်းပခဲ့တယ်လို့လည်း သိရပါတယ်။


Mocha

#sports.thithtoolwin.com

Ref : DailyMail


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment