Powered by Blogger.

အာဆင်နယ်အသင်း ဒုတိယနေရာသိမ်းပိုက်သွားပြီး မန်စီးတီးအသင်း ချန်ပီယံလိဂ်ဝင်ခွင့်သေချာသွား


မနေ့ညက ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်တွေမှာတော့ အာဆင်နယ်အသင်းက တန်းဆင်းသွားပြီဖြစ်တဲ့ အက်စတွန်ဗီလာအသင်းကို လေးဂိုး ဂိုးမရှိနဲ့ အိမ်ကွင်းမှာ အနိုင်ရရှိခဲ့ပြီး စပါးအသင်းကတော့ နယူးကာဆယ်အသင်းကို ငါးဂိုးတစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အာဆင်နယ်အသင်းကို ဒုတိယနေရာကနေ ဖယ်ပေးလိုက်ရပြီး အမှတ်ပေးဇယားရဲ့ တတိယနေရာကို ရောက်ရှိသွားခဲ့ပါတယ်။

 မန်ယူအသင်းကတော့ အိမ်ကွင်းမှာ သံသယဖြစ်ဖွယ်အထုပ်တစ်ခုတွေ့ရှိခဲ့တာကြောင့် ဗုံးလန့်မှုဖြစ်ပေါ်ခဲ့ပြီး ဘုန်းမောက်အသင်းနဲ့ ပွဲချိန်ကို ပြန်လည် ရွှေ့ဆိုင်းခဲ့ရပါတယ်။ 

မန်စီးတီးအသင်းကတော့ ဆွမ်ဆီးအသင်းနဲ့ သရေကျခဲ့ပေမယ့်လည်း မန်ယူအသင်းကို ဂိုးကွာ ၁၈ ဂိုးနဲ့ သုံးမှတ်ဖြတ်ထားနိုင်ပြီဖြစ်တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့အတွက် သေချာသွားခဲ့ပြီဖြစ်ပါတယ်။

 


အာဆင်နယ် ၄-၀ အက်စတွန်ဗီလာ

ဒီပွဲမှာတော့ အာဆင်နယ်အသင်းက လူပြန်စုံလာခဲ့တယ်။ ကာဇိုလာ ၊ ဝီလ်ရှီးယားစတဲ့ အသင်းကနေ ကာလအတော်ကြာ ပျောက်ဆုံးနေတဲ့ ကစားသမားတွေ ပြန်ပါလာခဲ့ပြီး ကစားပုံတော်တော်လေးကောင်းခဲ့တာကို တွေ့ရပါတယ်။ အာဆင်နယ်အသင်းရဲ့ ညာနောက်ခံလူ ဘယ်လာရင်ရဲ့ ဖြတ်တင်ဘောတွေ အကောင်းဆုံးပုံစံနဲ့ ဟန်ချက်ညီအသင်းလိုက် စုဖွဲ့ကစားဟန်တွေက အက်စတွန်ဗီလာအသင်းကို ခြေချုပ်မိစေခဲ့ပါတယ်။



အိုဇေးလ်နဲ့ ဆန်းချက်ဇ်တို့ရဲ့ တိုးအားတွေကလည်း ဗီလာနောက်တန်းကို ပျာယာခတ်စေခဲ့ပြီး ဂိုးမသွင်းနိုင်ခဲ့လို့ ဝေဖန်ခံနေရတဲ့ တိုက်စစ်မှူး ဂီရော့ဒ်ကလည်း ဒီပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တာကြောင့် ဖိအားတွေကို အတော်လေးလျှော့ချနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းအတွက် အဖွင့်ဂိုးကိုတော့ ငါးမိနစ်မှာ ဘယ်လာရင်ရဲ့ ဖြတ်တင်ဘောကနေတစ်ဆင့် ဂီရော့ဒ်က  ခေါင်းတိုက်သွင်းယူခဲ့ပေးတာပါ။




ဂိုးသွင်းခွင့်အတော်များများကို ပထမပိုင်းမှာ အဖြုန်းများနေခဲ့တာကြောင့် တစ်ဂိုးတည်းနဲ့သာဦးဆောင်ထားနိုင်ခဲ့ပါတယ်။
၇၈ မိနစ်နဲ့ ၈၀ မိနစ်တို့မှာတော့ ဂီရော့ဒ်ကပဲ အာဆင်နယ်အသင်းအတွက် ဂိုးတွေကို သွင်းယူပေးခဲ့ပြီး မိနစ်ကိုးဆယ်မှာတော့ လူစားဝင်လာတဲ့ အာတီတာက ပွဲသိမ်းဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူတွေဖြစ်ကြတဲ့ အာတီတာနဲ့ ရိုဆစ်စကီးတို့ကတော့ နောက်ဆုံးပွဲစဉ်အဖြစ် အသင်းကို နှုတ်ဆက်ခဲ့ကြပါတယ်။



  
ဆွမ်ဆီး ၁-၁ မန်စီးတီး

မန်စီးတီးအသင်းကတော့ နောက်ဆုံးပွဲစဉ်မှာ သရေကျရင်တောင် ချန်ပီယံလိဂ်ဝင်ခွင့်ကို ဆုပ်ကိုင်နိုင်မှာဖြစ်တာကြောင့် အေးအေးဆေးဆေးပဲ ကစားခဲ့ပါတယ်။ ဆွမ်ဆီးအသင်းကတော့ အိမ်ကွင်းဖြစ်တာနဲ့အညီ မန်စီးတီးအသင်းကို ဖိအားပေးခဲ့ကစားနိုင်ခဲ့တာကိုတွေ့ရပါတယ်။

မန်စီးတီးအသင်းအတွက် အဖွင့်ဂိုးကိုတော့ ပွဲချိန်ငါးမိနစ်မှာတင်ပဲ လူငယ်တိုက်စစ်ကစားသမား အိုင်ဟီယန်နာချိုက သွင်းယူပေးခဲ့ပြီး ဆွမ်ဆီးအသင်းအတွက် ချေပဂိုးကိုတော့ အန်ဒရေအယူးက ၄၅ မိနစ်မှာ ပြစ်ဒဏ်ဘောကနေတစ်ဆင့် ပြန်လည်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

တစ်ခြားပွဲစဉ်တွေမှာတော့ နယူးကာဆယ်အသင်းက စပါးအသင်းကို ကွင်းလယ်လူ ဝိုင်နယ်လ်ဒမ်းရဲ့ ခြေစွမ်းပြမှုတွေနဲ့အတူ အိမ်ကွင်းမှာ ငါးဂိုးတစ်ဂိုးနဲ့ အနိုင်ယူခဲ့ပြီး ချယ်လ်ဆီးအသင်းနဲ့ လက်စတာအသင်းတို့ကတော့ တစ်ဂိုးစီသရေကျခဲ့တယ်လို့ သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : DailyMail


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment