ယူရိုပြိုင်ပွဲကို ပြင်သစ်နိုင်ငံမှာပဲကျင်းပသွားမယ်လို့ UEFA အတည်ပြု
ပြီးခဲ့တဲ့သောကြာနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် ပြင်သစ်နိုင်ငံကို ယူရိုပြိုင်ပွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ဖို့သင့်/မသင့်ကို UEFA က ပြန်လည် ဆန်းစစ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ လူပေါင်း ၁၂၉ ဦးထက်မနည်းသေဆုံးခဲ့ရပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရခဲ့တဲ့ တိုက်ခိုက်မှုတွေ အပြီးမှာ အသက် ၈၂ နှစ်အရွယ် ပြင်သစ်ဂန္တဝင်ကစားသမားကြီး Just Fontaine ကတော့ အရမ်းကို အန္တရာယ်ရှိသေးတယ်လို့ ပြောပါတယ်။
" ကျွန်တော်တို့ နိုင်ငံအနေနဲ့ ဒီပြိုင်ပွဲကို ကျင်းပဖို့ လက်လျှော့သင့်တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီလိုပြိုင်ပွဲကြီးကို ကျင်းပနိုင်ဖို့ လုံခြုံမှုမရှိသေးဘူးလို့ ထင်ပါတယ်။ အရမ်းအန္တရာယ်များတယ်။ အနာဂတ်မှာ Stade de France ကွင်းထဲက လူတွေ ဘာဖြစ်သွားနိုင်တယ်ဆိုတာ ဘယ်သူမှ အာမ,မခံနိုင်ပါဘူး။ " လို့ ၁၉၅၈ ကမ္ဘာ့ဖလား ဂိုးသွင်းစံချိန်ရှင် Fontaine က အကြံပေးပါတယ်။
အသေခံဗုံးခွဲသမားသုံးယောက်ဟာ ပြင်သစ်အသင်းနဲ့ ဂျာမနီအသင်းတို့ ချစ်ကြည်ရေး ခြေစမ်းပွဲကစားနေတဲ့ Stade de France ကွင်းဝင်ပေါက်တွေမှာ ဗုံးဖောက်ခွဲမှုတွေကို လုပ်ဆောင်ခဲ့ကြပြီး ဘောလုံးပွဲပရိသတ်တွေဟာ လုံခြုံရေးအခြေအနေကြောင့် ကွင်းထဲမှာ စောင့်ဆိုင်းနေခဲ့ရပြီး ဂျာမနီဘောလုံးအသင်းဟာလည်း အဝတ်လဲခန်းထဲမှာပဲ တစ်ညလုံး နေထိုင်ခဲ့ရပါတယ်။
ဒါပေမယ့်လည်း UEFA ကတော့ " ပါရီမြို့မှာ ထိတ်လန့်ဖွယ်ရာ အဖြစ်အပျက်တွေကို ကြုံခဲ့ရပါတယ်။UEFA နဲ့ ပြိုင်ပွဲကျင်းပရေး ကော်မတီကတော့ လုံခြုံရေးအစိအစဉ်တွေကို ကြပ်မတ်လုပ်ဆောင် သွားမှာဖြစ်ပြီး ပြိုင်ပွဲကို မူလအစီအစဉ်အတိုင်းပဲ ကျင်းပသွားမှာပါ။ " လို့ ကျင်းပရေး ကော်မတီက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ယူရိုပြိုင်ပွဲကိုတော့ ပြင်သစ်နိုင်ငံမှာ ၂၀၁၆ ဇွန်လ ၁၀ ရက်နေ့ကနေ ဇူလိုင်လ ၁၀ ရက်နေ့အထိ တစ်လကြာကျင်းပသွားမယ်လို့ သိရပါတယ်။
(Paing A K)
#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : Mirror
0 comments :
Post a Comment