အိမ်လွမ်းသူ Pelle ကို ခေါ်ယူဖို့ ကြိုးစားလာတဲ့ ဂျူဗင်တပ်
ဆောက်သမ်တန်အသင်းရဲ့ တိုက်စစ်မှူး Graziano Pelle ဟာ အမိမြေအီတလီကို သတိရနေပြီး စီးရီးအေ ဘောလုံးလောက တိုးတက်လာမှုကိုလည်း ကို ချီးကျုးလိုက်ပါတယ်။ ဂျူဗင်တပ်အသင်းကလည်း အခုလို လေသံပစ်လာတဲ့ စိန့်တို့ရဲ့ အသက် ၃၀ အရွယ် တိုက်စစ်မှူးကို အထူးစိတ်ဝင်စားလျက်ရှိနေပြီး မျက်လုံးဖွင့် စောင့်ကြည့်မှုတွေလည်း ပြုလုပ်ထားတယ်လို့ သိရပါတယ်။
အီတလီနိုင်ငံသားဖြစ်တဲ့ Pelle ကလည်း အခုလောလောဆယ်တော့ အင်္ဂလန်မှာ ပျော်ရွှင်လျက်ရှိနေပေမယ့်လည်း စာချုပ်သက်တမ်းကုန်ဆုံး သွားရင်တော့ အီတလီကို ပြန်ချင်နေတဲ့ပုံပေါ်ပါတယ်။
" အီတလီဟာ အလှပဆုံးနိုင်ငံတစ်ခုပါ။ကျွန်တော် လွမ်းရတဲ့ အကြောင်းရင်းကလည်း လှပလို့ပါ။ စီးရီးအေဘောလုံးလောက ကလည်း အတော်လေးကို ထိုးကျခဲ့ပေမယ့်လည်း အခုပြန်ဦးမော့လာပါပြီ။ ဂျူဗင်တပ်အသင်းကလည်း ချန်ပီယံလိဂ်မှာ အကောင်းဆုံး စွမ်းဆောင်ပြနိုင်ခဲ့ပြီး တခြားသော အီတလီအသင်းတွေကလည်း ယူရိုပါလိဂ်မှာ အကောင်းဆုံး နေရာတွေရောက်အောင် လုပ်နိုင်ခဲ့တယ်။ နှစ်အနည်းငယ်အတွင်းမှာပဲ စီးရီးအေကတော့ အကောင်းဆုံးလိဂ်တွေထဲက တစ်ခုဖြစ်လာပါပြီ။ အင်္ဂလန်မှာတော့ လောလောဆယ် နေလို့ထိုင်လို့ကောင်းနေသေးပေမယ့်လည်း ဒီလိုမျိုးကတော့ တစ်ကြိမ်တစ်ခါသာ ပြောနိုင်လိမ့်မယ် ထင်ပါတယ် " လို့ Graziano Pelle က ပြောပါတယ်။
Pelle ဟာ ဆောက်သမ်တန်အသင်းနဲ့ ပထမရာသီမှာပဲ ၁၆ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီး အားလုံးကို သတိထားမိအောင် ပြုလုပ်နိုင်ခဲ့ပါတယ်။ သူဟာ နိုင်ငံအသင်းမှာလည်း အမြန်ဆုံးအသားကျခဲ့ပြီး ကိုးပွဲမှာ လေးဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။
သူဟာ ဆောက်သမ်တန်နည်းပြ Koeman ရဲ့ လက်ထက်မှာ ပထမဆုံးခေါ်ယူမှုဖြစ်ခဲ့ပြီး ပေါင်ရှစ်သန်းနဲ့ နယ်သာလန်ကလပ် ဖီယင်နုအသင်းကနေ ပြောင်းရွှေ့လာခဲ့တာပါ။
နည်းပြကတော့ သူ့ကို အသင်းပြောင်းစေလိုခြင်းမရှိဘဲ " ပရီိးမိးယားလိဂ်မှာ အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ယောက်ပါ။ သူ့က ကြံ့ခိုင်ပြီး နည်းစနစ်လည်း ကျတဲ့သူပါ။ သူ့မှာ အဲ့ဒီနှစ်ခုကို ပေါင်းစပ်လိုက်တဲ့အခါမှာ ပြည့်စုံသွားပါတယ်။ သူကတော့ ဧရိယာအတွင်းမှာ ပါးပါးနပ်နပ်ကစားနိုင်တယ်။ ခေါင်းတိုက်လည်း ကောင်းသလို အဆုံးသတ်လည်းသေချာသူပါ။ ကျွန်တော့် အထင်တော့ အကောင်းဆုံးထဲက တစ်ယောက်လို့ ထင်ပါတယ် " လို့ ချီးကျူးခဲ့ပါတယ်။
(Paing A K)
#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : Mirror
0 comments :
Post a Comment