Powered by Blogger.

လူငယ်စီမံကိန်းတွေကို ပြောင်းလဲမယ့် လီဗာပူးလ်အကယ်ဒမီ



လီဗာပူးလ်အသင်းဟာ နည်းပြ Jurgen Klopp စရောက်လာတဲ့ အချိန်ကစပြီး အသင်းက လူငယ်တွေကို နေရာပေးသွားမယ့် အစီအစဉ်တွေကို ချမှတ်ထားပါတယ်။သူတို့ရဲ့ လူငယ်ဘောလုံးအကယ်ဒမီဟာလည်း အရည်အချင်းရှိတဲ့ ကစားသမားကောင်းတွေကို မွေးထုတ်ပေးနေတဲ့နေရာဖြစ်တာကြောင့် အကယ်ဒမီရဲ့ လူငယ်ပျိုးထောင်ရေး အစီအစဉ်တွေကို ပြောင်းလဲချမှတ်ဖို့ လုပ်ဆောင်နေပါတယ်။

အခုဆိုရင်တော့ လီဗာပူးလ်ဘောလုံးအကယ်ဒမီဟာ အရေအတွက်ထက် အရည်အချင်းရှိတဲ့ ကစားသမားတွေကိုသာ ပျိုးထောင်ပေးသွားဖို့ အစီအစဉ်တွေချမှတ်နေပြီး အကယ်ဒမီက လက်ရှိကစားသမားရဲ့ ၁၅ ရာနှုန်းလောက်ကိုလည်း လျှော့ချသွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။ လီဗာပူးလ်အကယ်ဒမီဟာ ယူ-၉ ကနေ ယူ-၂၁ အထိ ရှိပြီး ကစားသမား ၂၄၀ လောက်အထိကို လေ့ကျင့်ပေးနေတယ်လို့ သိရပါတယ်။


ဒါ့ကြောင့် ကစားသမားတွေကို နောက်ရာသီကနေစတင်ပြီး အများဆုံး ၂၀၀ လောက် အထိသာ လက်ခံသွားဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။ အကယ်ဒမီရဲ့ ဒါရိုက်တာ Alex Inglethorpe  ကတော့ အရည်အချင်းရှိတဲ့လူငယ်တွေ အရင်းအမြစ် အစစ်အမှန်တွေကို
စီနီယာအသင်းကြီးအထိ ပွဲထွက်ခွင့်ရအောင် ဘယ်လို ဗျူဟာတွေချမှတ်လုပ်ဆောင်ထားတယ်ဆိုတာကို ပြောပြခဲ့ပါတယ်။


 " အမြင့်ဆုံးနေရာမှာ ကစားခွင့် ရရှိအောင် အကယ်ဒမီက ပျိုးထောင်ပေးရပါတယ်။ ကစားသမားကောင်းတစ်ယောက်ကို အကယ်ဒမီမှာပဲ အချိန်ကုန်မနေစေဘဲ အသင်းကြီးမှာ ကစားနိုင်ဖို့အတွက် အမှန်တကယ်ကို ပြုလုပ်ပေးနေပါတယ်။ အသင်းရဲ့ အမှတ်စဉ်ပြည့်အောင်ပဲ ကစားသမားတွေကို လွှတ်ပေးနေမှာမဟုတ်ဘဲ အသင်းကြီးမှာ အံဝင်ခွင်ကျ ကစားနိုင်ဖို့ အခြားသော အသင်းတွေကို ရောက်သွားရင်လည်း ပွဲထွက်ခွင့်အခိုင်အမာရနိုင်ဖို့အထိ အရည်အချင်းရှိတဲ့ ဦးစားပေးကစားသမားမျိုးတွေကိုပဲ ရွေးထုတ်ပေးသွားမှာပါ။ "


"  ကျွန်တော်တို့မှာ ကစားသမား ၂၄၀ လောက် ရှိပေမယ့်လည်း နောက်ရာသီရောက်လာရင်တော့ ၂၀၀ လောက်ကိုပဲ ထားရှိသွားတော့မှာပါ။ အသက်အလိုက် ထူးချွန်တဲ့ ကစားသမားတွေကိုလည်း အမြဲစောင့်ကြည့်နေမှာပါ။ "


" အကယ်ဒမီမှာ အရည်အချင်းရှိတဲ့ကစားသမား ၂၅ ယောက်လောက်ရှိနေပြီး  ၁၀ ယောက်လောက်ပဲ  အနာဂတ်သေချာစေမယ့် အခွင့်အရေးမျိုးရရင် ကျန်ခဲ့တဲ့သူတွေအတွက် နစ်နာပါလိမ့်မယ်။ ကျွန်တော်တို့ကတော့ အကုန်လုံးကို အသင်းကြီးကို ပို့မှာဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်ခဲ့ရင်လည်း အကယ်ဒမီကနေ အခြားသင့်တော်တဲ့ နေရာမှာ ကစားနိုင်ဖို့ တာဝန်ယူပေးသွားမှာပါ။ ကျွန်တော်တို့ကတော့ လူငယ်ကစားသမားတွေ အရည်အချင်းပြည့်ဝနေစေဖို့အတွက် အကောင်းဆုံး ကြိုးစားလုပ်ဆောင်နေပါတယ် " လို့ ဒါရိုက်တာ Alex Inglethorpe  က ပြောပါတယ်။

လီဗာပူးလ်နည်းပြ Klopp ကလည်း အကယ်ဒမီကို မကြာခဏလာရောက် ကြည့်ရှုလေ့ရှိပြီး အရည်အသွေးကောင်း ကစားသမားတွေကို အသင်းကြီးကို ခေါ်ယူဖို့ ဝန်မလေးဘူးလို့လည်း သိရပါတယ်။ Klopp ဟာ ဒေါ့မွန်အသင်းကို နည်းပြစဉ်ကလည်း Lewandowski , Gotze , Kagawa , Gundogan , Marco Reus စတဲ့ နာမည်ကြီး ကစားသမားတွေကို မွေးထုတ်ပေးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။




(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment